ဥတ္တရသီရိမြို့နယ်၌ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူ (၅၇၉၅)ဦး အား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများထိုးနှံ

ဥတ္တရသီရိ  ဇန်နဝါရီ ၁၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရမြို့နယ်တွင် ပညာသင်ကြားနေကြသော အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) များထိုးနှံခြင်းကို ဥတ္တရသီရိမြို့နယ်၌ ဇန်နဝါရီလ (၉)ရက်နေ့မှ စတင်၍ ဥတ္တရသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက အခြေခံပညာကျောင်းများသို့ သွားရောက်ထိုးနှံ ဆောင်ရွက်ပေးကြကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ထမ်းများနှင့် ဆရာ၊ ဆရာမများက ကာကွယ်ဆေးမထိုးမီ စာရင်းရေးသွင်းခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ဆေးထိုးပြီးနောက် ခေတ္တစောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာစေခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးခဲ့ကြသည်။

ဥတ္တရသီရိမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင် စာသင်ကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများမှ အသက်(၅)နှစ်မှ(၁၂)နှစ်အထိ သံဃာတော်များ၊ သီလရှင်ဆရာလေးများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၅၇၉၅)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ မြို့နယ်အတွင်းကျန်ရှိသည့် အခြေခံပညာကျောင်းများသို့ သွားရောက်ပြီး ကိုဗစ်-၁၉ ရောဂါထပ်ဆောင်း ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း  မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)