ဟိုပုံးမြို့၌ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

ဟိုပုံး စက်တင်ဘာ ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ မြို့ဦးကွက်သစ် ရပ်ကွက်၊ နယ်မြေ(၃)တွင် ယနေ့ မွန်းလွဲ(၁၂)နာရီ ၅၅ မိနစ်အချိန်ခန့်က နေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုတွင် နေအိမ်ပေါ်ထပ် အိပ်ခန်းအတွင်း DELL အမျိုးအစား (၁၄)လက်မ ကွန်ပျူတာအား အားသွင်း ထားခဲ့ရာ အပူရှိန်လွန်ကဲပြီး လက်တော့ဘက်ထရီပေါက်ကွဲ မီးလောင်သွား၍ ဝါယာကြိုးများမှ တစ်ဆင့် နေအိမ်အပေါ်ထပ်ရှိ အိမ်ရှေ့ခန်း မျက်နှာကျက်များ၊ အဝတ်အစား ဘီရို(၂)လုံး၊ ပြတင်းပေါက်တံခါးများ မီးလောင်သွားခဲ့ကြောင်း သိရသည်။

မီးငြှိမ်းသတ်ရာတွင်  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှိုင်ထွေး၊ မြို့နယ်မီးသတ် ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစောမောင်နှင့် ဝန်ထမ်းများသည် မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ မီးသတ်ရေသယ်ယာဉ် (၁)စီး ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊  မြို့ဦး ကွက်သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှတင်၊ နယ်မြေမှူးများနှင့် ရပ်ကွက်နေပြည်သူများ စုစုပေါင်း (၄၀)ဦးခန့်က ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ယနေ့မွန်းလွဲ(၁)နာရီ ၁၀ မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ ကြောင်းသိရသည်။ မီးလောင်မှုနှင့် ပတ်သက်၍ မီးပေါ့ဆအသုံးပြုသူအား ဟိုပုံးမြို့မရဲစခန်းမှ ဥပဒေနှင့်အညီ ဆက်လက် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)