မန္တလေး စက်တင်ဘာ ၂၄
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုများမှ ကြိုတင်ကာကွယ် နိုင်ရန်အတွက် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာကြရာတွင် နှာခေါင်းစည်း(Mask) များ တပ်ဆင်သွားလာ ကြစေရန် ရည်ရွယ်၍ နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာခြင်းမရှိသူများအား စစ်ဆေးအသိပညာပေး ခြင်းများကို အောင်မြေသာစံမြို့နယ်တွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်၈နာရီက ညောင်ကွဲရပ်ကွက်နှင့် မင်းတဲအီကင်းရပ်ကွက်များ အပိုင်ဖြစ်သောမြို့ပတ်လမ်းပေါ်၌ ဆောင်ရွက်ကြသည်။
စစ်ဆေးအသိပညာပေးဆောင်ရွက်ကြရာတွင်အောင်မြေသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူးများက ဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများက စုပေါင်း၍ ဆောင်ရွက်ကြခြင်းဖြစ်သည်။
ထိုသို့ ဆောင်ရွက်ကြရာတွင် ညောင်ကွဲရပ်ကွက်၌ နှာခေါင်းစည်း(Mask)တပ်ဆင် သွားလာခြင်းမရှိသည့် ပြည်သူ(၂၂)ဦး၊ မင်းတဲအီကင်းရပ်ကွက်၌ ပြည်သူ(၇၂)ဦးတို့အား နှာခေါင်းစည်း(Mask) တစ်ခုလျင် ၂၅၀၀ ကျပ်နှုန်းဖြင့် ဝယ်ယူတပ်ဆင်စေလျက် နှာခေါင်းစည်း(Mask) တပ်ဆင်ပြီးမှသာ သွားလာကြစေရန် အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)