ဆီဆိုင် စက်တင်ဘာ ၂၄
ဒေသခံစိုက်ပျိုးရေးတောင်သူများ စိုက်ပျိုးရေအလုံအလောက် ရရှိစေရန်အတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စု၊ ရေဖြူကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် တစ်ဖက်ပိတ်ဆည် တည်ဆောက်ရန် မြေနေရာကို ယနေ့ နံနက် ၁၀ နာရီခန့်က မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေ၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ရဲထွန်း၊ နောင်ကျောကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးခွန်သက်စိုးဦးနှင့် ဒေသခံပြည်သူများ နှင့်အတူကွင်းဆင်း ကြည့်ရှုခဲ့ကြောင်း သိရသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေဖြင့် အကောင် အထည်ဖော်ဆောင်ရွက်မည့် ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စု၊ ရေဖြူ ကျေးရွာရှိ အိမ်ခြေ(၃၂၀)စု၊ လူဦးရေ(၁၇၂၅) ဦးခန့်အတွက် စိုက်ပျိုးရေလုံလောက်စွာ အသုံး ပြုနိုင်ရန်အတွက် အလျားပေ ၆၀၀၊ ကန်ဘောင်အနံ ၁၇ ပေ၊ အမြင့် ၁၂ ပေခွဲ၊ ရေထုတ်မြောင်း ၁၃ ပေ၊ လယ်ယာမြေဧက ၅၀ ခန့် အကျိုးပြုသည့် တစ်ဖက်ပိတ်ဆည် တည်ဆောက်မည့် မြေနေရာအား ကွင်းဆင်း ကြည့်ရှုခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)