မန္တလေးမြို့၊ တောင်သမန် ဦးပိန်တံတားတွင် ဓာတ်ပုံသမား ၁၀၀ ၀န်းကျင်ရှိပြီး စီးပွားရေးလုပ်ငန်းအဖြစ်လုပ်ကိုင်သူများလာ

မဟာအောင်မြေ ဇန်နဝါရီ ၁၆

မန္တလေးမြို့၊ တောင်သမန်၊ ဦးပိန်တံတားတွင် ကင်မရာဖြင့်ဓာတ်ပုံရိုက်ပေးသည့် ဓာတ်ပုံဆရာ ၁၀၀ ၀န်းကျင်ရှိပြီး လာရောက်လည်ပတ်သူများက အလှဓာတ်ပုံရိုက်ကူးမှုများကြောင့် စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ်လုပ်ကိုင်သော ဓာတ်ပုံသမားများပြားလာကြောင်း တောင်သမန်မှ ဓာတ်ပုံဆရာတစ်ဦးကပြောသည်။

ကိုဗစ်ကာလမတိုင်မီက ဦးပိန်တံတားတွင် ဓါတ်ပုံဆရာဦးရေထက် ၂၀၂၂ ခု၊ နှစ်ဆန်းပိုင်းကစ၍ ပိုမိုများပြားလာခဲ့ရာ ဓာတ်ပုံဆိုင် ၅ ဆိုင်နှင့် ဓာတ်ပုံရိုက်ပေးသည့် ဓာတ်ပုံဆရာများမှာ တံတားအနောက်ဘက်တွင် ၄၀ ဦး ၀န်းကျင်၊ တံတားအလယ်တွင် ၁၅ ဦးဝန်းကျင်နင့် အရှေ့ဘက်တွင် ၂၀ ၀န်းကျင်ရှိသည်ဟု သိရသည်။

ကိုဗစ်မတိုင်မီ သူတို့ဖုန်းကင်မရာနဲ့ရိုက်ကြတော့ ကျွန်တော်တို့အလုပ်မဖြစ်သလို ဓာတ်ပုံ သမားနည်းပြီး နေ့တွက်ရဖို့ခဲယဉ်းတယ်။ ကိုဗစ်ရောဂါငြိမ်သွားပြီး ၂၀၂၂ လောက်မှာ အလည်အပတ်လာသူများလာသလို အလှဓာတ်ပုံကို ကင်မရာနဲ့ရိုက်သူများလာပြီး ဓာတ်ပုံသမားတွေများလာတာပေါ့။ လက်သင်ဓာတ်ပုံသမားတွေလည်းရှိတယ်” ဟု ၎င်းကပြောသည်။

၂၀၂၂ ခုနှစ်ဆန်းပိုင်းမှစ၍ ဦးပိန်တံတားသို့ လည်ပတ်သူနှင့်အပန်းဖြေလာရောက်သူများလာရာ ဥပုသ်ရက်နင့် ရုံးပိတ်ရက်များတွင် ပုံမှန်ရက်ထက် ၄ ဆခန့်ပိုမိုများပြားလာသဖြင့် ဓာတ်ပုံသမားများလည်း နေ့စဉ်ဝင်ငွေရရှိကြောင်း၊ ရိုက်ကူးခအဖြစ် ပုံကူးလျှင် ၄×၆ တစ်ပုံလျှင် ၁၅၀၀ ကျပ်၊ ရိုက်ပြီးသောဓာတ်ပုံကို ပုံထုတ်မကူးဘဲ ဖုန်း(သို့မဟုတ်) Memory Stick နှင့် ယူပါက တစ်ပုံလျှင် ၁၀၀၀ကျပ် ဖြစ်ကြောင်း သိရသည်။

“လူစည်ရင် ဓာတ်ပုံသမားတစ်ယောက်ကို ၂၀၀၀၀ ၀န်းကျင်ရပြီး တစ်ရက်ထဲနဲ့ တစ်သိန်းကျော် ရဖူးသူရှိတယ်။ ကင်မရာနဲ့ ဖုန်းရဲ့ဓာတ်ပုံအရည်အသွေးကွာတာကိုသိလာလို့ ကင်မရာနဲ့ ရိုက်သူများလာတယ်။ ပုံမကူးဘဲ သူတို့ဖုန်းထဲကို ကျွန်တော်တို့ရိုက်ထားတဲ့ပုံတွေ ထည့်ပေးတယ်။ ဈေးသတ်မှတ်ထားပေမယ့် ပုံများရင်လျှော့ပေးတာပေါ့” ဟု ဆက်လက်ပြော ကြားသည်။

ဦးပိန်တံတားမှ ဓာတ်ပုံရိုက်ကူးပေးသူများသည် ကင်မရာလွယ်ထားပြီး အများအားဖြင့် အလှဓာတ်ပုံရိုက်ပေးရန် ပုသိမ်ထီးများကိုင်ဆောင်ထားကြကြောင်း၊ တံတားအနောက်ဘက်၊ အလယ်နှင့် အရှေ့ဘက်ဟူ၍ နေရာခွဲခြားကာ အလှဓာတ်ပုံရိုက်ကူးရေးကို စီးပွားဖြစ်ဆောင်ရွက်နေကြကြောင်း သိရသည်။

အောင်ဇော်မင်း