မိုင်းတုံမြို့၌ Cash For Work စီမံကိန်းလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

မိုင်းတုံ စက်တင်ဘာ ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အတွင်း  Cash For Work စီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာ (၆)ရွာမှ လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

"အခုဘဏ္ဍာနှစ် မိုင်းတုံမြို့နယ်မှာ Cash For Work စီမံကိန်းကျေးရွာ (၆) ရွာရရှိပါတယ်၊ နိုင်ငံတော်က ကျေးရွာတစ်ရွာကို ငွေကျပ်သိန်း (၁၀၀) ထောက်ပံ့ ပေးပါတယ်၊ ကျေးရွာ(၅)ရွာကတော့ ကွန်ကရစ်လမ်းခင်းပြီး ကျေးရွာတစ်ရွာကတော့ စာသင် ကျောင်း အဆောက်အဦ ပြုပြင်ပါတယ်၊ မနေ့က ဌာနက တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးခဲ့ပါတယ်၊ အားလုံး ရာနှုန်းပြည့် ပြီးစီးသွားပါပြီ" ဟု မြို့နယ်ကျေးလက် ဦးစီးမှူးဒေါ်မိုးသဉ္ဇာဟန်က ပြောကြားသည်။

အဆိုပါ Cash for work စီမံကိန်းသည် ကိုဗစ်-၁၉ ကာလအတွင်း ဝင်ငွေနည်း ကျေးလက်နေပြည်သူများ အဆင်ပြေစေရန် ကျေးရွာတစ်ရွာလျှင် ငွေကျပ်သိန်း(၁၀၀)ခွင့်ပြုချထားပေးပြီး မိမိတို့ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော အခြေခံ အဆောက်အအုံ တည်ဆောက်ခြင်း လုပ်ငန်းများတွင် ကျေးရွာသားများ ဝင်ရောက်လုပ်ကိုင်ခြင်းဖြင့်  မိသားစုဝင်ငွေ တိုးတက်ရရှိ စေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ဝင်းဝင်းခိုင်(ပြန်/ဆက်)