ရန်ကုန် စက်တင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်ပေါ်စေရေးနှင့်ကာကွယ်ထိန်းချုပ်နိုင်စေ ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ မြို့နယ် အတွင်း ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများနှင့် ထိတွေ့ဆက်စပ်သူများအား အသွားအလာ ကန့်သတ်စောင့်ကြည့် ရေးစခန်း ၉ ခုတွင် လူဦးရေစုစုပေါင်း ၄၄၆ ဦးကို စောင့်ကြပ်ကြည့်ရှုလျက်ရှိရာ နေ့စဉ် ပိုးတွေ့လူနာများပြား လာခြင်းကြောင့် နေရာအခက်အခဲမဖြစ်စေရေးနှင့် ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် ယနေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်က အောင်မင်္ဂလာရပ်ကွက်ရှိ အ.မ.က(၇) စာသင်ကျောင်း၌ သီးသန့်စောင့်ကြည့်ရေးစခန်းသစ် တိုးချဲ့ပြင်ဆင်နိုင်ရေး အတွက် မြို့နယ်အဆင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေးက “ကျွန်တော်တို့ မြို့နယ်အနေနဲ့က ကိုဗစ်-၁၉ ရောဂါ အတည်ပြု ပိုးတွေ့လူနာတွေ နေ့စဉ်တွေ့ရှိနေမှုကြောင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန် Quarantine Centre ၁၈ ခုအထိ ဆောင်ရွက်လျက်ရှိပါတယ်၊ လူဦးရေ ၁၀၀၀ နီးပါးလောက်အထိ ထားရှိနိုင်အောင် စီစဉ်ထားတယ်၊ ခုနောက်ပိုင်းမှာ အနံ့မရတဲ့ပြည်သူတွေနဲ့ သံသယလူနာတွေကို သီးသန့်ထားရှိပေးဖို့အတွက် လက်ရှိမှာ မြို့နယ် ပြည်သူ့ဆေးရုံကြီးနဲ့ အ.မ.က(၇) စာသင်ကျောင်းမှာ ထားရှိပေးသွားမှာဖြစ်ပါတယ်၊ နောက်တစ်ခုက ကျေးရွာတွေမှာ နေထိုင်ကြတဲ့ ပြည်သူအများစုက စည်းကမ်းလိုက်နာကြတယ်၊ မြို့ထဲက ပြည်သူများက စည်းကမ်းလိုက်နာမှု အားနည်းတာကို တွေ့ရတယ်၊ ဒီနေ့ကစပြီးတော့ လူစုလူဝေးဖြစ်စေတဲ့ ကွမ်းယာဆိုင်တွေ အားလုံးကို လုံးဝ မရောင်းချဖို့အတွက် ညွှန်ကြားထားပြီးဖြစ်ပါတယ်၊ ရောင်းချနေတာတွေ့ရှိရင် အရေးယူဆောင်ရွက်သွားမှာဖြစ်ပါ တယ်၊ နောက်ပြီး ဈေးများကိုလည်း စည်းကမ်းများ တိကျစွာ လိုက်နာဖို့အတွက် ဌာနဆိုင်ရာများနဲ့ စစ်ဆေးကြပ် မတ်သွားမယ်၊ လိုက်နာခြင်းမရှိသူများကို ထိရောက်စွာ အရေးယူသွားမှာဖြစ်ပါတယ်” ဟု ယနေ့ မွန်းလွဲ ၁ နာရီက ပြောကြားခဲ့သည်။
ဒလမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ တစ်ဖြည်းဖြည်းများလာလျက်ရှိရာ စောင့်ကြည့်ရေးစခန်း ၉ ခုတွင် အသွားအလာကန့်သတ် စောင့်ကြည့်ခံနေရသူ စုစုပေါင်း ၄၄၆ ဦးတို့အား ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျနေထိုင်နိုင်ရေး၊ နေ့စဉ်စားသောက်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများနှင့် လုံခြုံရေးတို့အတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအသင်း ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့အတူ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကာလအတွင်း၌ ကန့်သတ်စောင့်ကြည့်ရေးစခန်းများတွင် Quarantine ဝင်နေသူများ၏ နေ့စဉ်စားသောက်ရေး၊ ကျန်းမာရေးနှင့် လိုအပ်သည်များကို အထောက်အပံ့ဖြစ်စေရန် စေတနာရှင် အလှူရှင်များက အလှူငွေများ၊ အစားအသောက်များ၊ နှာခေါင်းစည်းများနှင့် PPE ဝတ်စုံများကို လာရောက်လှူဒါန်း ပေးလျက်ရှိသည်။
နိုင်လင်းကျော်(ဒလ)