အမျိုးသားကန်တော်ကြီးဥယျာဥ် (ပြင်ဦးလွင်) ၌ ကျင်းပလျက်ရှိသည့် ၁၅ ကြိမ်မြောက် "𝐁𝐥𝐨𝐨𝐦𝐢𝐧𝐠 𝐅𝐚𝐧𝐭𝐚𝐬𝐲" ပန်းပွဲတော်သို့ ရုံးပိတ်ရက်များတွင် အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်သူ ခရီးသွားပြည်သူများဖြင့် စည်ကား

ပြင်ဦးလွင် ဇန်နဝါရီ ၁၅

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီးဥယျာဉ်တွင် ဒီဇင်ဘာလ ၁၅ ရက်နေ့မှ ဇန်နဝါရီလ ၁၅ ရက်နေ့အထိ ကျင်းပလျက်ရှိသော  (၁၅) ကြိမ်မြောက်ပန်းပွဲတော် (Bloomlng Fantasy) သို့ ရုံးပိတ်ရက်တွင် အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများဖြင့်  စည်ကားလျက်ရှိကြောင်း သိရသည်။

အမျိုးသားကန်တော်ကြီးအတွင်း လာရောက်လည်ပတ်သူ တစ်ဦးက “ ရန်ကုန်ကနေ ပန်းပွဲတော်ကို လာလည်တာပါ။ ဒီတစ်ပတ်မှာ ပြင်ဦးလွင်မှာ ချယ်ရီတွေအများကြီးစပွင့်တာကြောင့် ချယ်ရီတွေပွင့်နေတဲ့ ကန်တော်ကြီးထဲမှာ သူငယ်ချင်းတွေနဲ့ ဓာတ်ပုံတွေရိုက်ပြီးပါပြီ၊ ဖျော်ဖြေရေးစင်မြင့်က သီချင်းတွေနဲ့မို့ ကန်တော်ကြီးပန်းပွဲတော်ကို လာရတာအရမ်းပျော်ပါတယ် “ ဟုပြော သည်။

 

အဆိုပါ (၁၅)ကြိမ်မြောက် ပြင်ဦးလွင် အမျိုးသားကန်တော်ကြီးဥယျာဥ် ၏ "𝐁𝐥𝐨𝐨𝐦𝐢𝐧𝐠 𝐅𝐚𝐧𝐭𝐚𝐬𝐲" ပန်းပွဲတော်သည်  ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ကျင်းပပြီးစီးမည်ဖြစ်ရာ ယခု အပတ် စနေ၊ တနင်္ဂနွေရက်များသည် ပန်းပွဲတော်၏ နောက်ဆုံးရက်သတ္တပတ် ဖြစ်ကြောင်းသိရသည်။ ပြင်ဦးလွင်အမျိုးသားကန်တော်ကြီးဥယျာဥ်၏ "𝐁𝐥𝐨𝐨𝐦𝐢𝐧𝐠 𝐅𝐚𝐧𝐭𝐚𝐬𝐲" ပန်းပွဲတော်တွင် ပြည်နယ်အရပ်ရပ်မှ ပန်းပေါင်းစုံ မျိုးစိတ်များ၊ နိုင်ငံခြားပန်းမျိုးစိတ်များ၊ ရှားပါးတန်းဝင် အဖိုးတန်ပန်းမျိုးစိတ်များ၊ ဒေသထွက်ပန်းများအား ဇုန်အလိုက်ခင်းကျင်းပြသလျက်ရှိပြီး ပန်းပွဲတော်နှင့်အတူ "ပန်းဥယျာဥ် စျေးပွဲတော်" ကိုပါ တွဲဖက်၍ ပန်းပွဲတော်ကာလ နေ့ရက်များအတိုင်း ကျင်းပလျက်ရှိပြီး ဒေသထုတ်ကုန်၊ စားသောက်ကုန် ၊ လူသုံးကုန် ပစ္စည်းများ၊ ပန်းမန်များ ခင်းကျင်းပြသ ရောင်းချ လျက်ရှိကြောင်း သိရသည်။

ဖြူလူသစ်[ခရိုင် (ပြန်/ဆက်)]