မိုင်းရှူး ဇန်နဝါရီ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကို ယနေ့နံနက်(၉)နာရီက အမှတ်(၄)ရပ်ကွက်အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပွဲတော်ကို အလယ်တန်းကျောင်းသား၊ ကျောင်းသူလေးများက "စုံညီပွဲတော် တို့နွှဲပျော် "တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ကြပြီး အထကကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခင်ဖြူနှင့် ရပ်မိ၊ ရပ်ဖ နာယကဥက္ကဋ္ဌဦးတိမာက အမှာစကားပြောကြားခဲ့ရာ အလကကျောင်းအုပ်ဆရာကြီး ဦးစိုးထွေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ ကျောင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် လှူဒါန်းပေးအပ်သော အလှူရှင်များအား ကျောင်းအုပ်ဆရာကြီးက ဂုဏ်ပြုမှတ်တမ်းလွှာ အသီးသီးပေးအပ်ခဲ့သည်။ ထို့နောက် မြို့နယ်အဆင့်နှင့် ကျောင်းအဆင့် စာပေဘာသာရပ်နှင့် အားကစားထူးချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများ ဆုများအသီးအသီး ပေးအပ်ခဲ့ကြသည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူများက အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး ပြည်မြန်မာတေးသီချင်းဖြင့် ကျောင်းသား၊ ကျောင်းသူများက သီဆိုဖျော်ဖြေကြကာ အခမ်းအနားရုတ်သိမ်းခဲ့သည်။
အဆိုပါ ပွဲတော်တွင် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ရပ်ကွက်နေမိဘပြည်သူများ စည်ကားသိုက်မြိုက်စွာ လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)