မြစ်ကြီးနား ဇန်နဝါရီ ၁၄
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်အဖွဲ့သည် ဇန်နဝါရီ ၁၇ ရက်နေ့မှ ၂၇ ရက်နေ့အထိ နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၂၀၂၂-၂၀၂၃ အခြေခံပညာ ကျောင်းသားအားကစားပွဲတော်သို့ ကချင်ပြည်နယ်မှ သွားရောက်ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားအဖွဲ့အား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း ရွှေသွေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်မှ အားကစားသမားများအနေဖြင့် ရှေးယခင်က နိုင်ငံတော်ကိုယ်စားပြု မြန်မာ့ လက်ရွေးစင်အဖြစ် အရှေ့တောင်အာရှနှင့် အာရှအားကစားပြိုင်ပွဲများတွင် ဘောလုံး၊ ရေကူး၊ မာရသွန်အပြေးနှင့် တာတိုတာလတ်အပြေးပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုများဆွတ်ခူးရရှိခဲ့သည့် အစဉ်အလာများရှိခဲ့သလို ပြည်နယ်၏ ဂုဏ်ကိုဆောင်နိုင်ခဲ့ပါကြောင်း၊ ယနေ့ကျောင်းသားအားကစားပွဲတော်သို့ သွားရောက်ကြမည့် ကျောင်းသား/ကျောင်းသူများအနေဖြင့် ရှေးအစဉ်အလာကောင်းများ ကိုနမူနာယူပြီး တရားသောယှဉ်ပြိုင်ခြင်းနှင့် အောင်မြင်မှုများရရှိရေး မလျော့သောဇွဲ၊ လုံ့လဖြင့် ကြိုးစားအားထုတ်ယှဉ်ပြိုင်ကြရန်နှင့် ကျန်းမာရေးကို အထူးဂရုစိုက်ကြရန်လိုကြောင်း မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အခြေခံပညာကျောင်းသားအားကစားအဖွဲ့အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစာသမားများထံ အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေကျပ်သိန်း ၂၀ ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားနည်းအလိုက် အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။
ကချင်ပြည်နယ် ကျောင်းသားအားကစားအဖွဲ့အနေဖြင့် နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် တိုင်းဒေသကြီးနှင့်ပြည်နယ်အခြေခံပညာကျောင်းသားအားကစားပွဲတော်၌ ဘောလုံး(ကျား၊ မ)၊ ဘောလီဘော(ကျား၊ မ)၊ ပြေးခုန်ပစ်(ကျား၊ မ)၊ ပိုက်ကျော်ခြင်း (ကျား)စသည့် အားကစားနည်း (၄)မျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
ထို့အပြင် ကချင်ပြည်နယ်ဝန်ကြီးချုပ်သည် ဇန်နဝါရီ ၁၃ ရက်ညနေပိုင်းက မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ပြည်နယ်ဝန်ကြီးများနှင့်အတူ(၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့အထိမ်းအမှတ်အခမ်းအနားများ အောင်မြင်စည်ကားစွာကျင်းပနိုင်ခဲ့ရာတွင် ပါဝင်ကူညီဆောင်ရွက်ခဲ့ကြ သော အရာထမ်း/ အမှုထမ်းများအားလုံးအား ဂုဏ်ပြုပွဲအခမ်းအနားသို့တက်ရောက်ပြီး ပြည်နယ် ဝန်ကြီးချုပ်က စိန်ရတုကချင်ပြည်နယ်နေ့အခမ်းအနားများကို ထူးခြားစည်ကားစွာ ကျင်းပပြုလုပ်နိုင်ခဲ့သည့်အပြင် အားလုံးအဆင်ပြေချောမွေ့အောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြသည့် အောက်ခြေဝန်ထမ်းများအပါအဝင် အရာထမ်း၊ အမှုထမ်းများအားလုံးကို ကျေးဇူးတင်ဂုဏ်ပြုပေးရခြင်းဖြစ်ကြောင်း၊ ထို့အပြင် မိမိတို့အစိုးရအဖွဲ့အနေဖြင့် တာဝန်ကျေပွန်ခဲ့ကြသည့် ဝန်ထမ်းများနှင့် လက်တွဲဆောင်ရွက်ခွင့်ရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူသည့်အပြင် နောက်နောင်တွင်လည်း ယခုကဲ့သို့ စည်းလုံးညီညွတ်စွာဖြင့် ဝိုင်းဝန်းကြိုးပမ်းကြရန်လိုကြောင်း ဂုဏ်ပြုပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်အစိုးရဖွဲ့ဝင်ဝန်ကြီးနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဦးစီးဌာနအသီးသီးမှ အရာထမ်း/ အမှုထမ်းများနှင့် ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ခဲ့ကြကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)