ရန်ကုန် စက်တင်ဘာ ၂၄
ဗဟန်းမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများကို Quarantine Centre အဖြစ် အသုံးပြုမည့် နေရာများအား အမြန်ဆုံးဖွင့်လှစ်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ပိုင်းအချိန်က မြို့နယ်ကျိုက္ကဆံဘတ်စကတ်ဘော အားကစားရုံ၌ ကျင်းပခဲ့သည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းမြင့်၊ ဗဟန်းမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် တာဝန်ရှိသူများသည် ဗဟန်းမြို့နယ် Facility Quarantine Center အဖြစ် အသုံးပြုမည့် ကျိုက္ကဆံဘတ်စကတ်ဘော အားကစားရုံနှင့် အ.မ.က(၁)ဗဟန်း (အရံထားရှိ) ကျောင်းတို့တွင် လိုအပ်နေသည့် အသုံးအဆောင်ပစ္စည်းများ၊ ဆက်သွယ်ရေးလုပ်ငန်းများ၊ ပို့ဆောင်ရေး လုပ်ငန်းများ၊ ရေချိုးခန်း၊ အိမ်သာများ ထားရှိမှုအခြေအနေများ စသည့်အခန်းကဏ္ဍများကို သက်ဆိုင်ရာ တာဝန်ရှိသူများက အသေးစိတ်ဆွေးနွေးညှိနှိုင်းကြကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ ကြသည်။
ဆက်လက်၍ မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲဝင်များသည် ပိုးတွေ့လူနာများ၏ နေအိမ်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ မိမိတို့ မြို့နယ်အတွင်း ရောဂါပိုး ကာကွယ်ထိန်း ချုပ်နိုင်ရေးအတွက် ပိုးတွေ့လူနာနှင့် ဆက်စပ်ထိတွေ့ရှိသူများ အား အချိန်မီ Quarantine ထားရှိနိုင်ရေး၊ ပိုးတွေ့လူနာနေထိုင်ခဲ့သောအိမ်နှင့် ပတ်ဝန်းကျင်တို့အား ပိုးသတ်ဆေးဖျန်းခြင်းများနှင့် Lockdown ချထားရေးများ စသည့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကာကွယ်နိုင်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် စီစဉ်ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
အောင်မြင့်(ပြန်/ဆက်)