ကျောက်မဲမြို့၊ ခိုမုန်းကျေးရွာ စာသင်ကျောင်းတွင်ထားရှိသည့် ကုန်တင်ယာဉ်များ စစ်ဆေးရေးစင်တာသို့ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများ သွားရောက်စစ်ဆေး

ကျောက်မဲ   စက်တင်ဘာ  ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ ခိုမုန်းကျေးရွာ စာသင်ကျောင်းရှိ ကုန်တင်ယာဉ်များအား ကြီးကြပ်စစ်ဆေးရေးစင်တာတွင် သီးသန့်ကန့်သတ်ထားရှိသည့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် များက စုစည်း၍ ယနေ့နံနက် ၈ နာရီအချိန် က မြို့နယ်ကော်မတီသို့ အဆိုပါ သီးသန့်ကန့်သတ် ထားရှိသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို ကျန်းမာရေးစစ်‌ဆေးပေးခြင်းနှင့် ကားများအား ဆေးဖျန်း ပေးခြင်းတို့ကို‌ ပုံမှန်ဆောင်ရွက်ပေးရန်၊ စင်တာတွင်လုံခြုံရေးနှင့် ယာဉ်ထိန်းထားရှိပေးရန်၊ မြို့တွင်းသို့ စည်းကမ်းမဲ့ ဝင်ရောက်နေသော ယာဉ်မောင်းများအား ထိရောက်စွာအရေးယူပေးရန် စသည့်အချက်များ ဆောင်ရွက်ပေးရန်တောင်းဆိုခဲ့ရာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများက သွားရောက် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုများ မြင့်တက်လာသည့်နောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်ပွားစေရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ အစီအစဉ်ဖြင့် မြို့အဝင်ရှိ လမ်းများအနက် ပင်လုံလမ်း တစ်လမ်းကို သာဖွင့်ပေးပြီ ကျန်လမ်းများအားလုံးကို ပိတ်ထားကာ အဆိုပါမြို့အဝင် ပင်လုံလမ်းထိပ်တွင် ကျန်းမာရေး စစ်ဆေးရေးစင်တာ (Check Point- 1)ကို ထားရှိခဲ့သည်။

ထို့အပြင် စက်တင်ဘာလ ၁၅ ရက်နေ့မှစ၍ ကျောက်မဲမြို့နယ် ခိုမုန်းကျေးရွာအုပ်စု၊ ခိုမုန်းကျေးရွာ အမကကျောင်းတွင် ကုန်တင်ယာဉ်များ စစ်ဆေးရေးစင်တာ (Check Point-2)ကို ထပ်မံထားရှိကာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများသည့်ဒေသမှလာသည့် ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များကို မြို့အတွင်းသို့ ဝင်ရောက်ခွင့်မပြုပဲ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် တို့ကို လဲလှယ်သည့်စနစ်ဖြင့် မြို့အတွင်းသို့ ဝင်ရောက်၍ ကုန်တင်ကုန်ချလုပ်စေခဲ့ပြီး အဆိုပါ ပြင်ပမှလာသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို ခိုမုန်းကျောင်းအတွင်း သီးသန့်ကန့် သတ်ထားရှိခဲ့သည်။ ယင်းသီးသန့် ကန့်သတ်ထားရှိသည့် ယာဉ်မောင်းများနှင့် ယာဉ်နောက် လိုက်များက ၎င်းတို့၏လိုလားချက်များကို ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ တင်ပြတောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)