အင်တော စက်တင်ဘာ ၂၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်တောမြို့တွင် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေအသစ်ကို သိရှိ နားလည်စေရန်နှင့် အိမ်အပြင်ထွက်တိုင်း mask တပ်ဆင်လာရေး မလိုက်နာသူများအား ဒဏ်ငွေ ရိုက်စနစ် ကြပ်မတ် ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၇ နာရီက စ၍ ရပ်စောက်-အင်တော-နောင်ချို လမ်းမတလျှောက်နှင့် မြို့မဈေး၌ ပြုလုပ်ခဲ့သည်။
ထိုသို့ပညာပေးဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းကွမ်းခေး၊ အင်တောနယ်မြေ ရဲစခန်းစခန်းမှူး ရဲအုပ်ရာဇာလင်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့စည်ပင် သာယာရေးဌာနတာဝန်ခံ ဦးစိုင်းအောင်သန်းဦးနှင့် ဝန်ထမ်းများ၊ တိုက်နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့က ဆိုင်ကယ်များကို အိတ်ဇောဖွင့်မောင်းနှင်ခြင်း မပြုရန်၊ ဆိုင်ကယ်ရှေ့မီးအနိမ့်ကို နေ့ညဖွင့်၍ မောင်းကြရန်၊ ဆိုင်ကယ်ဦးထုပ်ကို မေးသိုင်းကြိုးခိုင်မြဲစွာ တပ်ဆင်မောင်းနှင်ကြရန်နှင့် ဆိုင်ကယ် ဦးထုပ်မပါသူများကို ဦးထုပ်ပြန်ယူစေခြင်းတို့ကို အသိပညာ ပေးပြီး အသိပညာပေးကာလကျော်လွန်ပါက ဥပဒေပြဌာန်းချက်နှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပူးပေါင်းအဖွဲ့မှ မြို့မဈေးသို့ ဈေးရောင်းဈေးဝယ်သူများ၊ မော်တော်ယာဉ်မောင်းနှင့် လိုက်ပါ စီးနင်းသူများ၊ ဆိုင်ကယ်မောင်းနှင်စီးနင်းသူများနှင့် လမ်းသွားသူများကို နှာခေါင်းစည်း (mask) တပ်ဆင်သွားလာရေးအတွက် အသိပညာပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို အသိပညာပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ တေးသီချင်းများကို ဆောင် ရွက်ခြင်းနှင့်အတူ နှာခေါင်းစည်း (Mask) တပ်ဆင်ရန် လိုက်နာခြင်းမရှိသူ (၁၇)ဦးအား ဒဏ်ပေးသည့်အနေဖြင့် ဒဏ်ငွေပေးဆောင်စေကာ နှာခေါင်းစည်းတစ်ခုစီ တပ်ဆင်စေပြီး သွားလာစေခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်ခိုင်(အင်တော)