သီပေါ ဇန်နဝါရီ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူလေးများမှ “ကြိုဆိုပါသည် စုံညီပွဲတော်” သီချင်းဖြင့်အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဦးထိန်လင်းက ပညာရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍လည်းကောင်း၊ ကျောင်းအုပ်ဆရာမကြီးဒေါ်နန်းရွှေသီကကျောင်းစုံညီပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို လည်းကောင်း၊ ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌမှ ကျောင်းလုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍လည်းကောင်း အသီးသီးအမှာစကားပြောကြားခဲ့ပြီး ကျောင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် လှူဒါန်းပေးကြသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။
ထို့နောက်၂၀၂၂-၂၀၂၃ပညာသင်နှစ်တွင် ကာယ၊ ဉာဏထူးချွန်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်းနှင့် အဆိုပါအခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးဌာနမှဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)