သီပေါ စက်တင်ဘာ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန အနေဖြင့် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ပြည်သူ့စာကြည့်တိုက် ဝန်ဆောင်မှုပေးခြင်း လုပ်ငန်းများကို Online မှတစ်ဆင့် ဆောင်ရွက်ပေးလျက်ရှိရာ စာရေးဆရာ ရနံ့သိုက်ရေးသားသော "သင့်အနာဂတ်ကိုသင်ကိုယ်တိုင်ဖန်တီးယူပါ" (လူငယ်တို့အတွက်စိတ်ဓာတ် ခွန်အားဖြည့်စာစုများ) စာအုပ် မိတ်ဆက်ခြင်းကို ယနေ့နံနက် ၁၀ နာရီ အချိန်ခန့် က သီပေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့သည်။
ထိုသို့ပြုလုပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်−၃ ဒေါ်နန်းသိင်္ဂီစိုးက စာရေးဆရာ ရနံ့သိုက် ရေးသားသည့် "သင့်အနာဂတ်ကိုသင်ကိုယ်တိုင် ဖန်တီးယူပါ" (လူငယ်တို့ အတွက် စိတ်ဓာတ် ခွန်အားဖြည့် စာစုများ) စာအုပ်တွင်ပါရှိသော စာစုများနှင့်မိတ်ဆက်ပေးပြီး "အသေးအဖွဲကို အကောင်ဆုံးလုပ်ပါ" စာစုပါ အကြောင်းအရာ များကို ဖတ်ပြဆွေးနွေးပေးခဲ့သည်။
သီပေါမြို့နယ်ရုံး၏ ပြည်သူ့စာကြည့်တိုက်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သော ပုံပြင်ပြောပြခြင်း၊ ရောင်စုံစက္ကူဖြင့် အရုပ်ခေါက်ခြင်း၊ စာအုပ်အသစ်များ မိတ်ဆက်ပေးခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ ဗဟုသုတ ရရှိစေမည့် အတွေးအမြင်စာစုများ၊ လူငယ်စိတ်ဓာတ်ခွန်အား ဖြည့်စာစုများ ဖတ်ပြဆွေးနွေးပေးခြင်း အစရှိသည့် ဝန်ဆောင်မှုလုပ်ငန်းများကို သီပေါမြို့နယ် ပြည်သူ့စာကြည့်တိုက် facebook Page မှ တစ်ဆင့် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ပြည်သူများတွက် ရိုက်ကူးလွှင့်တင်ပေးလျက်ရှိကြောင်း သိရသည်။
ခင်လေး(သီပေါ၊ ပြန်/ဆက်)