ပူတာအို ဇန်နဝါရီ ၁၃
ကချင်ပြည်နယ်၊ ပူတာအိုမြို့ အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက အထက(ပူတာအို)ကျောင်းရှေ့ကွင်ပြင်၌ ကျင်းပသည်။
အခမ်းအနားတွင် Grade-10 နှင့် Grade-11 ကျောင်းသားကျောင်းသူများက “ကြိုဆိုပါသည် စုံညီပွဲတော်” သီချင်းသီဆိုဖျော်ဖြေကာ အခမ်းအနား ပထမပိုင်းကို ဖွင့်လှစ်ပေးခဲ့ကြပြီး ခရိုင်ပညာရေးမှူး ဒေါ်သန်းသန်းညွန့်က အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခေါင်လန်ဒီးနှင့် တာဝန်ရှိသူများက ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးထွက်အောင် သင်ကြားပြသပေးသည့် ဆရာ၊ ဆရာမများ၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြသော ကျောင်းသူ၊ ကျောင်းသားများ၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် အတန်းအသီးသီးမှ ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသူ၊ ကျောင်းသားများ၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဉာဏထူးချွန်ဆုရရှိသူများ၊ ၂၀၂၂-၂၀၂၃ပညာသင်နှစ် အားကစား ထူးချွန်ဆုရရှိသူများနှင့် ကျောင်းဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် လှူဒါန်းပေးခဲ့ကြသော အလှူရှင်များအား ဆုများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ခဲ့ကြသည်။
ထို့နောက် အထက(ပူတာအို)ကျောင်းအုပ်ဆရာကြီး ဦးဆိုင်းခွန်က ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနား ဒုတိယပိုင်းတွင် ကျောင်းသား၊ ကျောင်းသူများက တေးသရုပ်ဖော် တိုင်းရင်းသားရိုးရာ အကအလှများဖြင့် သီဆိုဖျော်ဖြေ ကပြခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခေါင်လန်ဒီးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဒေါ်သန်းသန်းညွန့်၊ မြို့နယ်ပညာရေးမှူး ဦးဝင်းဆွေ၊ အထက(ပူတာအို) ကျောင်းအုပ်ဆရာကြီး ဦးဆိုင်းခွန်၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများ၊ အလှူရှင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)