ဝိုင်းမော် ဇန်နဝါရီ ၁၃
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အခြေခံပညာအထက်တန်းကျောင်းများ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ပညာရည်ချွန်ဆုပေးပွဲနှင့် စုံညီပွဲတော်ကို ကျောင်းသား၊ ကျောင်းသူလေးများက "ကြိုဆိုပါသည် စုံညီပွဲတော်" သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့သည်။
ထို့နောက် ဒုတိယမြို့နယ်ပညာရေးမှူးဦးအံ့ခိုင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စိန်စိန်မှ ပညာရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး၊ ကျောင်းအကျိုးတော်ဆောင် တစ်ဦးမှ ကျောင်းလုပ်ငန်းနှင့် ပတ်သက်၍ လုပ်ငန်းများ အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဥ်များကို ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသူများ၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် စွမ်းရည်ဆု၊ လူရည်ချွန်ဆု၊ စာပေဆု၊ အားကစားဆုရရှိသော ကျောင်းသား ကျောင်းသူများကို သက်ဆိုင်ရာတာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများက တေးသရုပ်ဖော်အကများ၊ ဖျော်ဖြေရေး အစီအစဉ်များဖြင့် ကပြဖျော်ဖြေခဲ့သည်။
ဖြူစင်(ပြန်/ဆက်)