ခရမ်းမြို့နယ် မြို့မဈေးကြီးအတွင်း ဈေးသည်များအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအား လိုက်နာခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ခရမ်း စက်တင်ဘာ  ၂၄

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် Stay Home ကာလအတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံနှံ့မှုအား လျှင်မြန်စေသော လူစုလူဝေးဖြစ်ပေါ်မှုကို လျှော့ချနိုင်စေရန်အတွက် ခရမ်းမြို့မဈေးကြီးတွင် စားသောက်ကုန်ပစ္စည်းနှင့် သား/ငါး အသီးအနှံများသာ ရောင်းချခွင့်ပြုထားပြီး အခြားမည်သည့်ဆိုင်မျှ ဆိုင်ဖွင့်ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာသို့ ခရမ်းမြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဆန်းထွန်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ ခရမ်းမြိုနယ် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာခင်မောင်ရင်၊ ခရမ်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့အမှူဆောင်အရာရှိ ဦးမိုးကျော်သူနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ မြို့မဈေးတာဝန်ခံနှင့် ဈေးကြီးကြပ်ရေး အဖွဲ့ဝင်များ ၊ မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြတ်စိုးမိုးနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့က ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးရာတွင် ဖွင့်လှစ်ခွင့်ပြုထားသည့် အသီးအနှံ၊ စားသောက်ကုန်နှင့် သား/ငါး ဆိုင်များအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များ လိုက်နာနိုင်ရေးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ထုတ်ပြန်ချက်များ လမ်းညွှန်ချက်များအား လိုက်နာဆောင်ရွက်ကြစေရေး အသိပေးပြောကြားခဲ့ကြောင်း သိရှိရသည်။

ကိုမင်း(ခရမ်း)