မိုးနဲမြို့၌ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်ပေါ်စေရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်

မိုးနဲ    စက်တင်ဘာ  ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် မြို့နယ်ကျန်းမာရေးဦးစီးဌာနက ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်း က ကျေးရွာအုပ်စု ကျန်းမာရေးဌာနခွဲများမှ တာဝန်ရှိသူများက ကျေးရွာများသို့ အသိပညာ ပေးကွင်းဆင်း ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် နားခံကျေးရွာ၊ ဟဲကေကျေးရွာ၊ ဆွမ်မရမ်းကျေးရွာနှင့် ဆိုက်ဖယ်ကျေးရွာ များရှိ ကျန်းမာရေးဝန်ထမ်းများက  ကျေးလက်နေပြည်သူများ ကူးစက်မှုနှုန်း များပြားလာသည့် ကိုဗစ် - ၁၉ ရောဂါကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို ပြည်သူများအားလုံး အလေးထားလိုက်နာကြရန်၊ မိမိအိမ်တွင်သာ နေထိုင်ကြရန်၊ အိမ်ပြင်ထွက်ခွာသွားလာပါက နှာခေါင်းစည်း (Mask) ကို မဖြစ်မနေတပ်ဆင်သွားလာကြရန်၊ လက်ကို ဆပ်ပြာအသုံးပြု၍ရေဖြင့် စနစ်တကျဆေးကြောရန်၊ ကျန်းမာရေးနှင့်ညီညွတ်စေရန် မိမိပတ်ဝန်းကျင် ကို သန့်ရှင်းသာယာရေး ဆောင်ရွက်ထားရှိနိုင်ရန် စသည့်အသိပညာပေးနှိုးဆော်ခြင်းများကို (Hand Speaker) များအသုံးပြု၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

မျိုးညွန့်ရွှေ (မိုးနဲ)