မော်လမြိုင်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်နှင့်ဆုပေးပွဲ အခမ်းအနားကျင်းပ

မော်လမြိုင်  ဇန်နဝါရီ  ၁၃

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ဆုပေးပွဲအခမ်းအနားကို ဇန်နဝါရီလ ၁၃ရက် နံနက်ပိုင်းက မော်လမြိုင်မြို့ အ.ထ.က(၆) ကျောင်း ရတနာမွန် ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် အထက(၈) Grade-10/ 11 ကျောင်းသူများ၏ “စုံညီပွဲတော်တို့နွဲပျော်” သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးတင်ယုက ကျောင်းသား/ ကျောင်းသူများကို ကျောင်းစာတစ်ခုတည်းကိုသာ သင်ကြားပေနေတာမဟုတ်ဘဲ ကာယ၊ ဉာဏ၊ စာရိတ္တနှင့်ရသ သက်မွေးဘက်စုံပညာရေးဆိုပြီး ဘက်စုံထူးချွန်သော သားကောင်း၊ သမီးမွန်များ ပေါ်ထွန်းလာရေးအတွက် ဦးတည်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း KG+12. အစီအစဉ်ကိုလည်း ဆောင်ရွက်လျက်ရှိပြီးလာမည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှာအခြေခံပညာအဆင့်အားလုံး ပြီးမြောက်ပြီး ဆရာ/ ဆရာမများ အားလုံးအနေနဲ့ ဘက်စုံထူးချွန်ပြီး စာတော်သော ကျောင်းသား/ ကျောင်းသူများ ပေါ်ထွက်လာစေရေးအတွက် ဝိုင်းဝန်းလုပ်ဆောင်ပေးရန်နှင့် မော်လမြိုင်မြို့နယ်အနေဖြင့်ပြီးခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲတွင်ပြည်နယ်အဆင့် ပထမနိုင်ငံတော်အဆင့် ဒုတိယရရှိထားသော မြို့နယ်ဖြစ်ပြီး ယခုနှစ်တွင်လည်းဆက်လက် ရရှိနိုင်ရေးအတွက် ကျောင်းအုပ်ကြီးများက အဆင့်ဆင့်ကြီးကြပ်ပြီး အောင်ချက်မြင့်မားအောင် ဆောင်ရွက်ကြရန် ကျောင်းသား/ ကျောင်းသူများအားလုံး ကျောင်းစာကို အလေးအနက်ထားပြီး ကြိုးစားဖို့လိုသလို ဘတ်စုံထူးချွန်အောင် လည်းကြိုးစားကြစေရန် ဆရာ/ ဆရာမများကလည်း ကျောင်းသား/ ကျောင်းသူများကို အလေးအနက်ထားပြီး သားကောင်းသမီးမွန်များဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်း ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ပညာရေးမှူး ဦးဝင်းဇော်ဦးက စုံညီပွဲတော်ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဆုပေးပွဲကို ဆက်လက်ကျင်းပရာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အထိမ်းအမှတ်နေ့များတွင် ကဗျာ၊ ပန်းချီ​၊ဆောင်းပါး၊စာစီစာကုံး ပြိုင်ပွဲများ၌  ဆုရရှိသူများ၊ မြို့နယ်အဆင့် အင်္ဂလိပ်စာ၊သင်္ချာထူးချွန်ဆု ရရှိသူများ၊မြို့နယ်အဆင့်အားကစား ထူးချွန်ဆု ရရှိသူများအား  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ များ၊ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများက ဆုများအသီးသီး ချီးမြှင့်ခဲ့ပြီး  မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူလေးများက တေးသီချင်းများ၊ သရုပ်ဖော်အကများဖြင့် သီဆိုဖျော်ဖြေတင်ဆက်​နေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ ကျောင်းသား၊ ကျောင်းသူများက ပျော်ရွှင်စွာ ကြည့်ရှုအားပေးကြောင်း သိရှိရသည်။

စည်သူ ခရိုင်(ပြန်/ ဆက်)