ညောင်ဦးမြို့၌ လူမှုဝန်ထမ်းဦးစီးဌာနမှ အသက် ၈၅ နှစ်အထက် အဘိုးအဘွား ထောက်ပံငွေများ ထောက်ပံ့ခြင်းနှင့် ကိုဗစ်-၁၉ ကုစားမှုအစီအစဉ်အရ ထောက်ပံ့ငွေများ ပေးအပ်

ညောင်ဦး စက်တင်ဘာ ၂၄

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊  ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ လူမှုဝန်ထမ်း ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ စတုတ္ထသုံးလပတ် အတွက် အသက် ၈၅ နှစ်အထက် အဘိုးအဘွား ထောက်ပံငွေများ ထောက်ပံ့ခြင်းနှင့် ကိုဗစ်-၁၉ ကုစားမှု အစီ အစဉ်အရ ထောက်ပံ့ကြေးငွေများ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီအချိန်က ကျင်းပခဲ့ကြောင်း  ညောင်ဦးခရိုင် လူမှုဝန်ထမ်းရုံး ခရိုင်ဦးစီးမှူး ဒေါ်တင်တင်စိန်ထံမှ သိရသည်။

အဆိုပါ လူမှုဝန်ထမ်းဦးစီးဌာနသည် ညောင်ဦးမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်နှင့် အထက် အဘိုးအဘွား ထောက်ပံငွေများအား  ထောက်ပံ့ခြင်း၊  ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ အသက်(၈၀) နှစ် ပြည့်ပြီး အသက် ၈၅ နှစ်တင်းတင်း မပြည့်သေး သော အဘိုးအဘွားများနှင့် တစ်ကြိမ် တစ်ခါမျှ ထောက်ပံ့ကြေး မရရှိသေးသော မသန်စွမ်းသူများအား ထောက်ပံ့ခြင်း၊ Facility Quarantine Centre များရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်ငါးနှစ်အောက်ကလေး သူငယ် များအား ထောက်ပံ့ခြင်း တို့ကို  ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ တိုက်နယ်အလိုက် အချိန်များခွဲ၍ ထောက်ပံ့ကြေး များ ပေးအပ်ခဲ့သည်။

ထိုသို့ ထောက်ပံ့ရာတွင် တစ်ဦးလျှင် ငွေကျပ် သုံးသောင်းနှုန်းဖြင့် အသက် ၈၅ နှစ်အထက် အဘိုး အဘွား ၁၄၆၈ ဦးအတွက် ၄၄.၀၄ သန်း၊ အသက် ၈၀-၈၅ အတွင်း အဘိုးအဘွား ၁၉၄၇ ဦးအတွက် ၅၈.၄၁ သန်း၊  မသန်စွမ်း ၁၈၂၁ ဦးအတွက် ၅၄.၆၃ သန်း၊ Facility Quarantine Centre များရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် ငါးနှစ်အောက် ကလေးသူငယ်များ ၁၁ ဦးအတွက် .၃၃ သန်း၊ စုစုပေါင်းငွေကျပ် ၁၅၇.၄၁ သန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဇင်မာဝင်းထံမှ သိရသည်။

ကျော်မင်းဦး(ရေနံချောင်း)