နောင်ချို ဇန်နဝါရီ ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် လုံကာအထက်တန်းကျောင်း၏၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည် ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ ၁၀နာရီအချိန် အဆိုပါကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ Grade-11 ကျောင်းသား၊ ကျောင်းသူများက “ကြိုဆိုပါသည် စုံညီပွဲတော်” သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးသင်း၊ အမှတ်(၉၀၂) အမြောက်စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှ စစ်ဦးစီးမှူး ပထမတန်း ဒုတိယဗိုလ်မှူးကြီး အောင်ထွန်းဦးတို့က အမှာစကား ပြောကြားခဲ့ပြီးနောက် ကျောင်းအကျိုးတော်ဆောင် ကော်မတီအဖွဲ့ဝင် ဦးသန်းမြင့်က ကျောင်းဖွံ့ဖြိုးရေး လုပ်ငန်းများနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားကာ အထက(လုံကာ) ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းညွန့်ညွန့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ၂၀၂၁-၂၀၂၂ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများ၊ ထူးချွန်စွာ အောင်မြင်အောင် သင်ကြားပေးသော ဆရာ၊ ဆရာမများနှင့် ပညာရည်ချွန်ဆု၊ စာပေဆု၊ ဖွံ့ဖြိုးရေးဆု၊ အားကစားဆုရ ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကာ ကျောင်းဖွံ့ဖြိုးတိုး တက်ရေးအတွက် တစ်နှစ်ပတ်လုံး လှူဒါန်းခဲ့ကြသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းနောက် Grade-9 ၊Grade-10၊ Grade-11 ကျောင်းသား၊ ကျောင်းသူလေးများ၏ တပင်တိုင်အက၊ ဓနုရိုးရာအက၊ ရှမ်းရိုးရာအကအလှနှင့် မြန်မာ့ကျောင်း သီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်းနှင့် စုံညီပွဲတော်လာ ဧည့်ပရိသတ်များအတွက် ကျောင်းသားမိဘများ၏ စီစဉ်ပေးမှုဖြင့် KGတန်းမှ တက္ကသိုလ်ဝင်တန်းအထိ အတန်းစဉ်အလိုက် စတုဒီသာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
ထွေးငယ်(နောင်ချို၊ပြန်/ဆက်)