မိုင်းဖြတ် ဇန်နဝါရီ ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (ဟိုနား)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်းဝန်းအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများက “ကြိုဆိုပါသည် စုံညီပွဲတော်” သီချင်းဖြင့် ကပြဖျော်ဖြေပြီး အခမ်းအနားကိုဖွင့်လှစ်ခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်က အဖွင့်အမှာစကားပြောကြားပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ခင်စိန်က စုံညီပွဲတော် ဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသည့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့နှင့် အလှူရှင်များ၊ ဆရာ၊ ဆရာမ၊ ရပ်မိရပ်ဖများအား ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ခင်စိန်နှင့် အထက(မိုင်းဖြတ်) ကျောင်းအုပ်ဆရာမကြီး ဒေါ်အမာကြည်တို့က စုံညီပွဲတော် ဖြစ်မြောက်ရေးအတွက် ပါဝင်လှူဒါန်းပေးကြသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ အကြီးအကဲများက ဆရာ/ဆရာမများအား အားမာန်ဆုနှင့် ကျောင်းတက်ရက်မှန်ဆုများကိုလည်းကောင်း၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပညာရည်ချွန်ဆုနှင့် ကျောင်းအဆင့်၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ ပြည်နယ်အဆင့် စာပေထူးချွန်ဆုနှင့် အားကစားထူးချွန်ဆု ရရှိခဲ့သူ စုစုပေါင်း ဂုဏ်ပြုဆု(၂၀၀)ကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများက တိုင်းရင်းသားရိုးရာ အကပဒေသာများဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)