ပန်ဆိုင်း(ကြူကုတ်)မြို့၌ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စု (၁၀၇၁)စုအတွက် တတိယအကြိမ် ထောက်ပံ့ငွေများပေးအပ်

ပန်ဆိုင်း  စက်တင်ဘာ ၂၄

မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၌ နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားအိမ်ထောင်စု စုစုပေါင်း(၁၀၇၁)စုအတွက် ထောက်ပံ့ငွေများလက်ဝယ်အရောက် ပေးအပ်နိုင်ရန် အတွက် ယနေ့နံနက်(၁၀)နာရီအချိန် က ပန်ဆိုင်း(ကြူကုတ်)မြို့၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပသည်။

အခမ်းအနားတွင် မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇာနည် က “သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ တာဝန်ရှိသူများအနေဖြင့် နိုင်ငံတော်မှထောက်ပံ့သည့် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုမိသားစုများထံ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ရာတွင် တိကျမှန်ကန်စေရေးနှင့် ပြည်သူများလက်ဝယ်အရောက် ပေးအပ်ရာ တွင် မှတ်တမ်းများစနစ်တစ်ကျရယူခြင်းတို့ကို ဆောင်ရွက်ပေးကြရန်ပြောကြားသည်။

ဆက်လက်ပြီး မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ထောက်ပံ့ငွေများကို သက်ဆိုင်ရာ ရပ်ကွက် / ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့ပြီး အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေကျပ်(၂၀၀၀၀/-)နှုန်းဖြင့် မြို့ပေါ်ရပ်ကွက်(၅)ရပ်ကွက်ရှိအိမ်ထောင်စုများနှင့် ကျေးရွာ အုပ်စု(၁၁)အုပ်စုရှိ အိမ်ထောင်စုများ၊ စုစုပေါင်း အိမ်ထောင်စု(၁၀၇၁)စုအတွက် ထောက်ပံ့ငွေကျပ် သိန်း(၂၀၀)ကျော်ခန့် ထောက်ပံ့ပေးအပ်သည်။

ဆက်လက်ပြီး ရပ်ကွက်/ကျေးရွာများတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၌ အသုံးပြုရန် အတွက် (Hand Speaker)များကိုလည်း အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

သန်းမိုးခိုင် (ပြန်/ဆက်)