ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းပေး

ပျဉ်းမနား ဇန်နဝါရီ ၁၃

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် လိုက်လံငှားရမ်းပေးမှုကို  ရပ်ကွက်‌/ကျေးရွာများနှင့် စာသင်ကျောင်းများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ရုံး ဝန်ထမ်းများက အခြေခံပညာအထက်တန်းကျောင်း (သစ်လေးလုံး)၊ ပုရွက်ဆိတ်ကုန်း ကျေးရွာနှင့် ကျီးအင်းကျေးရွာ တို့သို့ သွားရောက်ငှားရမ်းပေးကြသည်။

စာအုပ်ငှားရမ်းဖတ်ရှုသူများ အဆင်ပြေစေရေးအတွက် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်၌ သုတ/ ရသ စာအုပ်မျိုးစုံ(၂၂၀၀)ကျော်စီစဉ်ထားရှိပြီး စာအုပ်အသစ်များကိုလည်း စဉ်ဆက်မပြတ် လဲလှယ်ဖြည့်ဆည်း ပေးလျက်ရှိကြောင်းနှင့် ယခုငှားရမ်းပေးခဲ့သောစာအုပ်များကို ရက်သတ္တပတ် တစ်ပတ်ပြည့် လျှင် ပြန်လည်အပ်နှံကာ စာအုပ်အသစ်များကို ထပ်မံငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံးဝန်ထမ်းများက ပြည်သူများ စာပေအလွယ်တကူ ဖတ်ရှုနိုင်စေရေးအတွက် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် ရပ်ကွက်‌/ ကျေးရွာများနှင့် စာသင်ကျောင်း များအရောက် လိုက်လံငှားရမ်းပေးခြင်းဖြစ်ပြီး မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင်လည်း မည်သူမဆိုအခမဲ့ လာ‌ရောက်ငှားရမ်းဖတ်ရှုနိုင်ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)