မန္တလေးမြို့ပေါ်တွင် တရုတ်ပြည်မှဝင်ရောက်သည့် ဆောင်းချယ်ရီ၊ နှင်းချယ်ရီပန်းများ ဈေးကောင်းရ

မဟာအောင်မြေ ဇန်နဝါရီ ၁၃

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ပေါ်တွင် ပန်းပေါင်းစုံများထဲမှ တရုတ်ပြည်မှဝင်ရောက်သော ဆောင်းချယ်ရီ၊ နှင်းချယ်ရီပန်းများမှာ ဈေးကောင်းရရှိနေကြောင်း ပန်းရောင်းသူတစ်ဦးထံမှ သိရသည်။

“ကျွန်မတို့က ရာသီအလိုက်ထွက်ရှိသောပန်းများ ဝယ်ယူရောင်းချနေပါတယ်။ အခြားနှစ်ပတ်လည်ပေါ်တဲ့ပန်းတွေကတော့ ဈေးနှုန်းအတက်အကျသိပ်မရှိပါဘူး။ အခုလို ဆောင်းရာသီမှထွက်တဲ့ရှားပါပန်းတွေကတော့ ဈေးကောင်းရရှိတာပေါ့။ ဝယ်ရတာကလည်းဈေးကောင်းတော့ အရင်းနှီးတွေကတော့ပိုများတယ်လေ။ အမြတ်လည်မဆိုးပါဘူး။ ဆောင်းတွင်းကာလပန်းဝယ်ရတာ တာရှည်အထားခံတယ်၊ ဝယ်တဲ့သူတွေအနေနဲ့လည်း အဆင်ပြေပါတယ်။ ကျွန်မတို့ဆိုင်က ဈေးဝယ်သူတွေအနေနဲ့ ဝယ်ချင်တဲ့ပန်းရရှိနိုင်အောင် ပန်းပေါင်းစုံတင်ရောင်းချထားပါတယ်၊ ဆောင်းချယ်ရီပန်းဟာ တရုတ်ပြည်ကလာပြီး တစ်စည်းကို(၁၇၀၀၀)ကျပ်ရောင်းရတယ်၊ ဆောင်းချယ်ရီပန်းဟာ ပြာ၊ နီ၊ ဝါ၊ ဖြူ၊ ခရမ်းရောင်တို့ဖြစ်ပြီး ဆောင်းချယ်ရီပန်းဟာ ဘုရားအိုးထိုးတဲ့အခါ (၃)လအထိတာရှည်ခံပြီး၊ နှင်းချယ်ရီပန်းကတော့ တစ်စည်းကို(၅၀၀၀)ကျပ် ရောင်းပါတယ်၊ နှင်းချယ်ရီပန်းကတော့ တစ်နှစ်အထိတာရှည်ခံတယ်လေ၊ အရောင်တွေကတော့ နီ၊ စိမ်း၊ ဝါ၊  ဖြူ၊ ပန်းရောင်ဖြစ်၍ အခြားပန်းတွေဖြစ်တဲ့ နှင်းဆီပန်း၊ ဂန္ဓမာပန်း၊ လီလီပန်း၊ မိုးမခပန်း၊ သပြေပန်း၊ ကြယ်ပန်းသစ္စာပန်းတွေကတော့ ပြည်တွင်းထွက်ပန်းတွေဆိုတော့ (၂၀၀၀)ကျပ်ဝန်းကျင်ပဲရှိတယ်၊ အဲဒီပန်းတွေက ဆောင်းချယ်ရီပန်း၊ နှင်းချယ်ရီပန်း တွေလောက်ဈေးမကြီးတော့ ပိုရောင်းကောင်းတာပေါ့၊ လီလီပန်းက (၁၀)ပင်ကို (၄၅၀၀)ကျပ်၊ ကြယ်ပန်းကတော့(၈၀၀၀)အထိရောင်းရတယ်၊ ချစ်သူမြတ်ပန်း၊ ပဲပန်းတွေဆို တရုတ်ပြည်ကလာတယ်၊ ချစ်သူမြတ်ပန်းနှင့် ပဲပန်းကတော့ တစ်စည်းကို (၂၀၀၀၀)ကျပ်ထိရောင်းရပါတယ်။ ပြန်ရောင်ဖို့ဝယ်မယ်ဆိုရင်တော့ ဈေးလျော့ရောင်းပေးပါတယ်” ဟု ပန်းရောင်းသူ မနှင်းပွင့်ထံမှ သိရသည်။

အောင်ဇော်မင်း