နောင်တရား စက်တင်ဘာ ၂၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားဒေသ၌ ဥယျာဉ်ခြံ များတွင် ကုန်စိမ်းသီးနှံများဖြစ်သည့် ခရမ်းချဉ်သီးများ သီးညှပ်စိုက်ပျိုးခြင်းကြောင့် တောင်သူများ ဝင်ငွေတိုးပွား လျက်ရှိကြောင်း သိရသည်။
နောင်တရားဒေသ၌ ဥယျာဉ်ခြံများဖြစ်သည့် သစ်တော်သီးပင်၊ ထောပတ်ပင်ကြားတွင် ကုန်စိမ်းသီးနှံများ ဖြစ်သည့် ခရမ်းချဉ်သီး၊ ရွှေပဲသီးနှင့် အခြားသီးနှံများကို ကြားညှပ် စိုက်ပျိုးလျက်ရှိသည်။ “ဥယျာဉ်ခြံဖြစ်တဲ့ သစ်တော်သီး၊ ထောပတ်သီးတို့က တစ်နှစ်မှာတစ်ကြိမ် သီးတဲ့အတွက် ဝင်ငွေတစ်ခါဘဲရတယ် ခုလိုကုန်စိမ်း သီးနှံဖြစ်တဲ့ ခရမ်းချဉ်သီး ကြားညှပ် စိုက်ပျိုးလိုက်တော့ နှစ်သီးစားဖြစ်သွားတာပေါ့ ဥယျာဉ်ခြံအတွက်လည်း မြေဩဇာထည့်ပြီးသား ဖြစ်သွားတော့ သစ်တော်သီးလည်း အပင်ပိုကောင်းလာတယ် အသီးလည်း ပိုကျန်တာပေါ့” ဟု ထီရီးကရင်ရွာမှ ခရမ်းချဉ်သီး သီးညှပ်စိုက်ပျိုးသည့် တောင်သူတစ်ဦးကပြောသည်။
“ခရမ်းချဉ်သီးဈေးက နည်းနည်းတော့ကျနေပြီ ယခင်နှစ်ကထက်စာရင်တော့ ဒီနှစ်ခရမ်းချဉ်သီးဈေး အတော်ကောင်းပါတယ် ယခုတစ်ပိဿာကို ငါးရာ၊ တစ်ထောင်ကြားရောင်းနေရတော့ အဆင်ပြေပါ တယ်ဟု” နောင်တရားမြို့ ခရမ်းချဉ်သီးဝယ်ရောင်းနေသူတစ်ဦးမှ ပြောသည်။ ဥယျာဉ်ခြံများ၌ စိုက်ပျိုးရေးတောင်သူများ ကုန်စိမ်းသီးနှံများကို သီးညှပ်စိုက်ပျိုးလာကြသောကြောင့် အကျိုးအမြတ်များ ပိုမိုရရှိလာကြကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)