လှည်းကူး ဇန်နဝါရီ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် (၁၀) နာရီက လှည်းကူးမြို့၊ သာသနာ့ ရိပ်သာရပ်ကွက်ရှိ ရန်ကင်းအခြေခံပညာ မူလတန်းလွန်ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူးဦးတင်မျိုးအောင်က ကျောင်းသား/သူများကို လူငယ်နှင့် စာပေအကြောင်း၊ မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာများ၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို အသိပညာပေး ဟောပြောသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ပြသထားသော မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာများ၊ ကိုဗစ် - ၁၉ ရောဂါ အကြောင်း အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များကို ပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာကြည့်ရှုခဲ့ကြောင်း သိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)