ပုသိမ်မြို့၌ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Myancopharm) ထပ်ဆောင်းထိုးနှံပေးလျက်ရှိ

ပုသိမ် ဇန်နဝါရီ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် အသက် (၅ နှစ်မှ ၁၂နှစ်အထိ) ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Myancopharm) ထပ်ဆောင်းထိုးနှံပေးခြင်းကို အခြေခံပညာ ကျောင်းများတွင် ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးနှင့် တာဝန်ရှိသူများသည်  အခြေခံပညာ ဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခြင်း ဆောင်ရွက်လျက်ရှိသည့် အမှတ်(၃)ရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၄)ရပ်ကွက်ရှိ အမှတ်(၂၄) မူလတန်းကျောင်းများသို့ သွားရောက်၍ ကာကွယ်ဆေး ထိုးနှံနေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။ ကျန်းမာရေးဦးစီးဌာနမှ အ.ထ.က(၂)နှင့် အ.မ.က(၂၄)ရှိ အသက် (၅ နှစ်မှ ၁၂နှစ်အထိ) ကျောင်းသား/သူ (၅၈၀)ဦးတို့အား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ကြကြောင်း သတင်းရရှိသည်။

မြင့်ဟန်