ပင်လောင်းမြို့ အထက(၂)ကျောင်းတွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

ပင်လောင်း ဇန်နဝါရီ ၁၃

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် အထက(၂)ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းပိုခမ်းက အမှာစကားပြောကြားပြီး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းနိုင်က မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ မဟာဗျူဟာ(၂)ရပ်၊ နည်းဗျူဟာ(၃)ရပ်၊ နည်းနာနိဿယ(၃)ရပ်၊ မူးယစ်ဆေးဝါးပပျောက်ရေး ဦးစားပေးလုပ်ငန်းများ၊ မူးယစ်ဆေးဝါး၏အဓိပ္ပါယ်၊ စိတ်ကြွရူးသွပ်ဆေးပြား မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းအကြောင်းများကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းလင်းက မူးယစ်ဆေးဝါးအန္တရာယ် ရှောင်ရှားကြစေကွယ်ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောခဲ့ကြသည်။

ထို့နောက် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ကျောင်းသူများကို တာဝန်ရှိသူများက ဆုချီးမြှင့်ပေးခဲ့ကြပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြသထားသည့် မူးယစ်ဆေးဝါးသုံးစွဲခြင်းမှရရှိလားသည့် ဆိုးကျိုးရောဂါလက္ခဏာ မှတ်တမ်းဓာတ်ပုံများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုမှတ်သားသွားခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)