နမ့်စန်(တ) ဇန်နဝါရီ ၁၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်း မှ လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှု (Losses)များလျှော့ချနိုင်ရေး၊ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး၊ လျှပ်စစ်ဓာတ်အားပြည့်ဝစွာသုံးစွဲနိုင်ရေး၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ လျှော့ချနိုင်ရေးနှင့် တရားမဝင်ဓာတ်အားသုံးစွဲမှုများ စိစစ်ဖော်ထုတ်အရေးယူနိုင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၉နာရီအချိန်ကစတင်ကာ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာဦးဆောင်၍ ဝန်ထမ်းများနှင့်အတူ မြို့ပေါ်ရပ်ကွက်များအတွင်းကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဇော်ခိုင်လင်းနှင့် ဝန်ထမ်းများက လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် ဓာတ်အားပြတ်တောက်မှုများလျှော့ချနိုင်ရေးအတွက် ၁၁ ကေဗွီနှင့် ၄၀၀ဗို့ ဓာတ်အားလိုင်းများတစ်လျှောက် ဓာတ်အားလိုင်းနှင့်မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ တရားမဝင်ဓာတ်အားသုံးစွဲမှုများ စိစစ် ဖော်ထုတ်အရေးယူနိုင်ရေးနှင့် ဓာတ်အားပျောက်ဆုံးမှု (Losses)များ လျှော့ချနိုင်ရေးအတွက် ရပ်ကွက်များအတွင်း တပ်ဆင်အသုံးပြုလျက်ရှိသော စီတီမီတာ၊ ပါဝါမီတာနှင့် အိမ်သုံးမီတာ များအား ကွင်းဆင်းစစ်ဆေးခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့ပြီး အဆိုပါလုပ်ငန်းများကို ရပ်ကွက်နှင့်ကျေးရွာများအတွင်း လစဉ်သတ်မှတ်ရက်များအလိုက် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရသည်။
သူရအောင်(ပြန်/ဆက်)