ရသေ့တောင် ဇန်နဝါရီ ၁၃
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ အထက(၂)မြို့မကျောင်းတွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော် ပဒေသာကပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ (၅) နာရီအချိန်က အဆိုပါကျောင်းရှေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့် မြို့နယ်ပညာရေးမှူး၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။
ယင်းနောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးထွန်းရွှေ၊ ကျောင်းအကျိုးတော်ဆောင် အဖွဲ့ဥက္ကဋ္ဌ ဦးဦးသာဇံနှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်မခင်ကြည်တို့က ပညာရေးစုံညီပွဲတော် ကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ပညာရေး စုံညီပွဲတော် အထိမ်းအမှတ် အားကစားပြိုင်ပွဲများတွင် ဆုရရှိခဲ့သည့် ကျောင်းသား ကျောင်းသူများနှင့် ပညာရည်ချွန်ဆု ရရှိခဲ့သည့် ကျောင်းသားကျောင်းသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပဆောင်ရွက်ခဲ့သည်။
အဆိုပါ ဆုများကို အခမ်းအနားသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပညာရေးမိသားစုမှ ဆရာ/ဆရာမများနှင့် ကျောင်းသားမိဖများက အသီးသီး ဆုချီးမြှင့် ပေးခဲ့ကြသည်။
ဆက်လက်၍ ပဒေသာကပွဲ အစီအစဉ်များကို ဆက်လက်ကျင်းပရာ အထက(၂)မြို့မကျောင်းမှ အထက်တန်း/အလယ်တန်း/မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူလေးများက မြန်မာ့ ယဉ်ကျေးမှု၊ ရခိုင်ရိုးရာယဉ်ကျေးမှုနှင့် ခေတ်ပေါ်တေးဂီတ အကအလှများဖြင့် ကပြ၊ သီဆို ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
ထွန်းလင်းကျော်(ပြန်/ဆက်)