ဗဟန်းမြို့နယ်တွင် Quarantine centre အမြန်ဖွင့်လှစ်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေး ကျင်းပ

ရန်ကုန် စက်တင်ဘာ ၂၄

ဗဟန်းမြို့နယ်တွင် ကိုဗစ်−၁၉ အတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများကို Quarantine centre အဖြစ်အသုံးပြုမည့် နေရာများအား အမြန်ဆုံးဖွင့်လှစ်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက မြို့နယ် ကျိုက္ကဆံ ဘတ်စကတ်ဘောအားကစားရုံ၌ ကျင်းပခဲ့သည်။
 အဆိုပါညှိနှိုင်းအစည်းအဝေးသို့ ဗဟန်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်၊ ဗဟန်းမြို့နယ် ကိုဗစ်−၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် တာဝန်ရှိသူများသည် ဗဟန်းမြို့နယ် Facility Quarantine Center အဖြစ်အသုံးပြုမည့် ကျိုက္ကဆံ ဘတ်စကတ်ဘော အားကစားရုံနှင့် အ.မ.က(၁)ဗဟန်း (အရံထားရှိ) ကျောင်းတို့တွင် လိုအပ်နေသည့် အသုံးအဆောင်ပစ္စည်းများ၊ ဆက်သွယ်ရေး လုပ်ငန်းများ၊ ပို့ဆောင်ရေး လုပ်ငန်းများ၊ ရေချိုးခန်း၊ အိမ်သာများထားရှိမှု အခြေအနေများ စသည့်အခန်းကဏ္ဍများကို သက်ဆိုင်ရာတာဝန်ရှိသူများက အသေးစိတ် ဆွေးနွေးညှိနှိုင်းကြကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍မြို့နယ် ကျိုက္ကဆံ ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ပိုးတွေ့လူနာများ၏နေအိမ်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ မိမိတို့ မြို့နယ် အတွင်း ရောဂါပိုးကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပိုးတွေ့လူနာနှင့် ဆက်စပ် ထိတွေ့သူများအား အချိန်မီ Quarantine ထားရှိနိုင်ရေး၊ ပိုးတွေ့လူနာ နေထိုင်ခဲ့သော အိမ်နှင့်ပတ်ဝန်းကျင်တို့အား ပိုးသတ်ဆေးဖြန်းခြင်းများနှင့် Lockdown ချထားရေးများစသည့် ကိုဗစ်−၁၉ ရောဂါထိန်းချုပ်ကာကွယ်နိုင်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် စီစဉ်ဆောင်ရွက် ခဲ့ကြကြောင်း သိရှိရသည်။
အောင်မြင့်(ပြန်/ဆက်)