မိုးကောင်းမြို့ အထက(၁)ကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ကာယဉာဏစွမ်းရည် ထူးချွန်ဆုချီးမြှင့်ပွဲ ကျင်းပ

မိုးကောင်း ဇန်နဝါရီ ၁၂

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ အထက(၁)ကျောင်း မဉ္ဇူသကခန်းမ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ကာယ၊ ဉာဏစွမ်းရည် ထူးချွန်ဆုချီးမြှင့်ပွဲကို ဇန်နဝါရီ(၁၂)ရက် နံနက်(၉)နရီတွင် ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က ပညာရေးသည် နိုင်ငံသားတစ်ဦးချင်းစီ၏ ဘဝအဆင့်အတန်း မြင့်မားစေရန် အခွင့်အလမ်းများဖန်တီးပြီး မိမိတို့၏ ရပ်ရွာဒေသအသိုက်အဝန်းတွင် အောင်မြင်သူများ ဖြစ်လာစေကာ အမျိုးသားလူမှု စီပွားရေးဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူဖြစ်စေကြာင်း၊ ကာယ/ဉာဏ/စာရိတ္တနှင့် ရသ၊ သက်မွေး ဘက်စုံ ပညာရေးဆိုသည့်အတိုင်း ကျောင်းသား၊ ကျောင်းသူများကို စာပေပညာတော်ရုံသာမက ကျန်းမာကြံ့ခိုင်ပြီးပူးပေါင်း ဆောင်ရွက်တတ်စေရေး တီထွင်ဆန်းသစ်မှုများ ပြုလုပ်ကာ တာဝန်ခံမှု၊ တာဝန်ယူမှုရှိသည့် နိုင်ငံသားကောင်းများ ဖြစ်လာစေရန် ပြုစုပျိုးထောင်ပေးခြင်းဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားသည်။

ယင်းနောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း ကာယနှင့်ဉာဏထူးချွန်ဆုအဖြစ် လူရည်ချွန်၊ အင်္ဂလိပ်စာစွမ်းရည်၊ သင်္ချာစွမ်းရည်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ်၊ အာဇာနည်နေ့အထိမ်းအမှတ်၊ (၇၅)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ပန်းချီ၊ ကဗျာ၊ စာစီစာကုံးဆုရရှိသူများ၊ ပြည်နယ်အဆင့် အားကစားပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုအသီးသီးချီးမြှင့်ခဲ့ကြသည်။

ထို့နောက် အမက-အလယ်ရပ်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ထာဝရမြန်မာ” တေးသီးချင်းဖြင့် တေးသရုပ်ဖော် ကပြဖျော်ဖြေ ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)