ဇေယျာသီရိမြို့နယ်၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်

ဇေယျာသီရိ ဇန်နဝါရီ ၁၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် နေပြည်တော် စာပေဝိုင်းမှ စာရေးဆရာများက  စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းမြတ်မွန်က စာဖတ်ဝိုင်းကျင်းပခြင်းသည် အကျိုးကျေးဇူးများစွာရှိကြောင်း နှင့်စာပေဖတ်ရှုခြင်းဖြင့် ဗဟုသုတပြည့်ဝစေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပခဲ့ကြောင်းပြောကြားခဲ့သည်။ ထို့နောက် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် စာရေးဆရာဦးရဲမွန်ကျော်နှင့် စာရေးဆရာစိန်ဝင်းနွယ်၊  နေပြည်တော်စာပေဝိုင်းမှ စာရေးဆရာမ ချယ်ရီအောင်သန်းတို့က ဦးဆောင်၍ စာရေးဆရာ မောင်မိုးယံရေးသားသည့် “လူငယ်နှင့်အနာဂတ်ဘဝ မြှင့်တင်ရေးဆောင်းပါးများ”    စာအုပ်ပါ လူငယ်နှင့်ခရီးသွားခြင်း၊ လူငယ်ပရဟိတစိတ်၊ လူငယ်နှင့်ကျော်ကြားမှု ခေါင်းစဉ်များဖြင့်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် စာပေဝါသနာရှင်များနှင့် ကျောင်းသား/သူများ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။                                            

ထွန်းလင်း(ဇေယျာမြေ)