ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် - ၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေး

လယ်ဝေး ဇန်နဝါရီ ၁၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်တွင် ပညာသင်ကြားနေကြသော အခြေခံပညာကျောင်း များမှ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး (Booster Dose) များ ထိုးနှံခြင်းလုပ်ငန်းကို ဇန်နဝါရီလ ၉ ရက်နေ့မှစတင်၍ ကျောင်းအခြေပြု ထိုးနှံပေးလျက်ရှိရာ၊  အထက(၁)နှင့် အထက (၂) ကျောင်းတို့တွင် ကျောင်းသား/သူများအား ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများမှ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံ ဆောင်ရွက်ပေးကြကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးများ ထိုးနှံပေးရာနေရာသို့ လယ်ဝေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်၊ ကုတင် ၁၀၀ ဆေးရုံအုပ် Dr နန္ဒာကျော်၊ မြို့နယ်ပညာရေးမှူး ဦးအောင်လွင်နှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီး၊ ဆရာဆရာမများနှင့်အတူ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးမထိုးမီ စာရင်း ရေးသွင်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်း၊ ဆေးထိုးပြီးနောက် ခေတ္တစောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာစေခြင်းတို့ကို ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

လယ်ဝေးမြို့နယ်အတွင်း အခြေခံပညာစာသင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင် စာသင်ကျောင်းများမှ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၄၈၇၅)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုက်ထိုက်(ပြန်/ဆက်)