ကျိုင်းတုံမြို့နယ်၊ လွိုင်မွေဒေသ ချယ်ရီပန်းပွဲတော်(၂၀၂၃)ကျင်းပမည်

ကျိုင်းတုံ ဇန်နဝါရီ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ လွိုင်မွေဒေသ ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် ချယ်ရီပင်များ ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးတို့အတွက် ချယ်ရီပန်းပွဲတော် ၂၀၂၃ ကို ဇန်နဝါရီ ၁၉ ရက်မှ ၂၃ ရက်နေ့အထိ လွိုင်မွေတောင်စခန်း၊ စတုရဌသုမင်္ဂလာစေတီတော်အနီး၊ ချယ်ရီပင်တန်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ လွိုင်မွေဒေသသို့ ချယ်ရီပန်းပွင့်ချိန်တွင် ရှမ်းအရှေ့ဒေသရှိ ပြည်သူများ သွားရောက်ကြည့်ရှု ဓာတ်ပုံရိုက်လေ့ရှိပြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ယင်းဒေသရှိ ချယ်ရီပန်းများ ရေရှည်ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်ရည်ရွယ်၍ နှစ်စဉ်ဇန်နဝါရီလအတွင်း ရက်သတ်မှတ်၍ ပြည်တွင်းပြည်ပခရီးသွားများ လာရောက်လည်ပတ်နိုင်ရန်နှင့် ခရီးသွားလုပ်ငန်း များမြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပွဲတော် ကာလ(၅)ရက်အတွင်း နံနက် ၉ နာရီမှ ၁၁ နာရီအထိ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခြင်း၊ ဂုံရှမ်း၊ အာခါ၊ လားဟူ၊ ‘ဝ’၊  လီဆူ၊ လွယ်၊ အားခေ အမျိုးသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များက ရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း၊ ဒေသထွက် အမှတ်တရရိုးရာ ပစ္စည်းအရောင်းဆိုင်များ၊ ဒေသထွက် ဝိုင်များ၊ အစားအစာများ ရောင်းချပေးခြင်းနှင့် ဒေသထွက်ကုန်များ၊  လွိုင်မွေဒေသ ချယ်ရီပန်း ပွဲတော်  စသည့်အကြောင်းအရာကို ပြခန်းများဖြင့် ပြသဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ကျိုင်းတုံ)ရုံး မှ သိရသည်။

မြန်မာနိုင်ငံနေရာအနှံ့အပြား၌ အဆိုပါရာသီတွင် ချယ်ရီပန်းများ ပွင့်ကြသော်လည်း လွိုင်မွေ ဒေသကဲ့သို့ ချယ်ရီပန်းများ အများအပြား အစုလိုက်အပြုံလိုက် ပွင့်သောနေရာ ရှားပါသည်။ လွိုင်မွေတောင်စခန်းသည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၅၅၄၂ တွင်တည်ရှိပြီး  အထင်အရ လွိုင်မွေရေကန်၊ နှစ်တစ်ရာစံအိမ်၊ စသည့် အမှတ်တရ ဓာတ်ပုံရိုက်ကူးသည့် နေရာများ များပြားသည့်အပြင် ဆောင်ရာသီကာလ ချယ်ရီပန်းပွင့်ချိန်တွင် နှစ်စဉ်လာရောက် လည်ပတ်သူများဖြင့် စည်းကားလျက်ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ လွိုင်မွေဒေသ၌ နှစ်စဉ် ဆောင်းရာသီကာလအတွင်း တစ်လကြာ ချယ်ရီပန်းများပွင့်သည့်အတွက် ချယ်ရီပန်းပွဲတော် ကျင်းပနိုင်ရေး ဦးစီးကော်မတီမှ လွိုင်မွေဒေသရှိ ချယ်ရီပန်းပွဲတော်(၂၀၂၃) ဒုတိယအကြိမ် ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)