ကော့မှူး စက်တင်ဘာ ၂၄
ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် ကိုဗစ်-၁၉ ကူးစက်မှု တွေ့ရှိပါက ကြိုတင်ပြင်ဆင်မှုများအနေဖြင့် ဆောင်ရွက်နိုင်ရန် ယနေနံနက်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်ကိုဗစ်-၁၉ အရေးပေါ်တုံပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်ဝင်းက ကိုဗစ်-၁၉ရောဂါ ကြိုတင်တားဆီးရေး လုပ်ငန်းများတွင် ဌာနဆိုင်ရာများအနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်၊ ကိုဗစ်-၁၉ရောဂါသည် ကူးစက်မှုနှုန်း မြင့်မားလာသည့်အတွက် မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် မိမိနေအိမ်တွင် နေထိုင်ရေး Stay at home အမိန့်ထုတ်ထားပြီး ဖြစ်ကြောင်း၊ နေအိမ် ပြင်ပသို့ ထွက်ခွာတိုင်းနှာခေါင်းစည်း Mask တပ်ဆင်ကြရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သည့် လမ်းညွှန်ချက်များအား စဉ်ဆက်မပြတ် အသိပညာပေး နေခြင်းများကို ရပ်ကွက်များအလိုက် ဆောင်ရွက်ပေးနေကြောင်းနှင့် ကိုဗစ်-၁၉ကူးစက်ပျံနှံ့မှုမရှိစေရေး တို့အား အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာများက ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား ပြန်လည်ရှင်းလင်း ပြောကြားခဲ့သည်။ အဆိုပါ အစည်းအဝေးသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆွေဝင်း၊ အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာအေး၊ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းအောင် မြို့နယ်ကိုဗစ်-၁၉ အရေးပေါ်တုံပြန်ရေး ကော်မတီဥက္ကဋ္ဌ နှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်သူရ ကော့မှူး