တံတားဦး ၊ စက်တင်ဘာ -၂၄
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် နွားခြံကြီးကုန်းကျေးရွာအုပ်စု သစ်တော်ဖျား (မြောက်) ကျေးရွာတွင် နိုင်ငံတော်ထောက်ပံ့ငွေဖြင့် မြေသားရေကန်ပြုပြင်တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည် ။
အဆိုပါရေကန်ပြုပြင်တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်မှုများကို ယနေ့နံနက်(၁၀)နာရီခန့်က တံတားဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ဌေးနှင့် ဝန်ထမ်းများ၏ ကြီးကြပ်မှုဖြင့် ကျေးရွာရေကန် ပြုပြင်တူးဖော်ခြင်း လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်သည့် ကော်မတီဝင်များသည် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းနှင့် နွားခြံကြီးကုန်းကျေးရွာအုပ်စု သစ်တော်ဖျား(မြောက်)ကျေးရွာ မြေသားရေကန်၏ အကျယ်မှာအလျား ၁၉၀ ပေ ၊ အနံ ၁၂၀ ပေ ၊ အမြင့် ၄ ပေ ဖြစ်ကြောင်း ၊ ဒါ့အပြင် ရေကန်ခြံစည်းရိုးကာရံခြင်းအတွက် ပေပေါင်း(၇၄၀)ပေရှိပြီး လက်နှိပ်တုံကင်(၃)စုံကိုလည်း တပ်ဆင် ပေးနိုင်ပါကြောင်း လုပ်ငန်းအားလုံး အတွက် ခွင့်ပြုငွေကျပ် (၉.၉၅)သန်းဖြစ်ပြီး အဆိုပါကျေးရွာတွင် အိမ်ထောင်စု (၄၀၃)စု နှင့် လူဦးရေပေါင်း (၁၄၂၃)ဦး ရှိပါကြောင်း နွားခြံကြီးကုန်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမျိုးထံမှ သိရသည် ။
မြေသားရေကန်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ပေးမှုကြောင့် ယခုအခါကျေးရွာသူ/သားများ အနေဖြင့် သောက်သုံးရေ အဆင်ပြေလျက်ရှိပြီး ယခင်က သောက်သုံးရေကို လုံလောက်စွာ မရရှိခြင်းကြောင့် ရေအခက်အခဲများရှိခဲ့ရာ ယနေ့နိုင်ငံတော်ထောက်ပံ့ငွေဖြင့် ပြုပြင်ဆောင်ရွက်ပေး သည့်အတွက် ကျေးရွာသူ/သားများ သောက်သုံးရေဖူလုံစွာ ရရှိမည်ဖြစ်ကြောင်း သစ်တော်ဖျား(မြောက်) ကျေးရွာမှဦးသန့်ဇင်၏ ပြောကြားချက်အရသိရသည်။
ရဲတင့်(တံတားဦး-ပြန်/ဆက်)