ကာလိမြို့၌ လျှပ်စစ်အန္တရာယ်ဆိုင်ရာအသိပညာပေး (Talk Show) ဆောင်ရွက်

ကာလိ ဇန်နဝါရီ ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးတို့ ပူးပေါင်းပြီး လျှပ်စစ်အန္တရာယ်ဆိုင်ရာ အသိပညာပေး (Talk Show) ကို ယနေ့နံနက်(၉)နာရီအချိန် ကလူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ထင်ထင်ကျော် က လျှပ်စစ်အန္တရာယ်နှင့်  ပတ်သတ်၍  ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်  ရည်ရွယ်၍  Online မှတဆင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဇော်မြင့်က လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး နှင့် ပတ်သတ်၍ လုပ်ငန်းဆောင်ရွက်ရာတွင် ကောင်းကင်ဓာတ်အား လိုင်းကြိုးများသတိပြုရန်၊ ဓာတ်အားလိုင်း တိုင်ပေါ်သို့ တက်ရောက်ဆော့ကစားခြင်းမပြုရန်၊ တာဝန်မရှိဘဲဓာတ်တိုင်ပေါ်မတက်ရန်၊ လျှပ်စစ်ပစ္စည်းများ ကိုင်တွယ်အသုံးပြုရာတွင် အိမ်သုံးလျှပ်စစ်ပစ္စည်းများအား ရေစိုလက်၊ ရေစိုနေသော ခန္ဓာကိုယ်၊ ရေစို အဝတ်အစားဝတ်လျက် ကိုင်တွယ်ခြင်းမပြုရန်၊ လျှပ်စစ်အသုံးအဆောင်ပစ္စည်းများကို ကလေးငယ်များ လက်လှမ်းမမီသော နေရာတွင်တပ်ဆင်အသုံးပြုရန်၊ လျှပ်စစ်ပစ္စည်းများကို တပြိုင်နက်အသုံးမပြုရန်၊ မိသားစုများ လျှပ်စစ်အန္တရာယ်ကင်းရှင်းရန် အရည်အသွေးကောင်းမွန်သော လျှပ်စစ်ပစ္စည်းများကိုသာ အသုံးပြုရန်၊ ဓာတ်လိုက်မှုဖြစ်ပွားပါက မိန်းခလုတ်ကိုအမြန်ဆုံးပိတ်ရန် လျှပ်စစ်အသိ၊ လျှပ်စစ်သတိ အမြဲရှိအောင် မိမိပတ်ဝန်းကျင်အား အသိပညာများ ဖြန့်ဝေပေးရန်စသည့် အကြောင်းအရာများကို   အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအသိပညာဗဟုသုတများ ရရှိစေရေး အတွက် Online မှတဆင့် အသိပညာ ပြန့်ပွားရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထင်ထင်(ကာလိ၊ပြန်/ဆက်)