ဒဂုံမြို့သစ်(အရှေ့ပိုင်း) စက်တင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ကိုဗစ်-၁၉ရောဂါပိုး ရှိသူများနှင့် ဆက်စပ်သူများ၊ သံသယရှိသူများထားရှိနိုင်ရန်အတွက် တတိယမြောက် Quarantine Centre ထပ်မံဖွင့်လှစ်ရန် အဆင်ပြေခြင်းရှိ/မရှိကို ယမန်နေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းရာတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပရဟိတအသင်းများက Quarantine Centre ဆောင်ရွက်မည့် အ.ထ.က(ခွဲ) လ(၄)ကျောင်းကို ကွင်းဆင်းကြည့်ရှုခဲ့ပြီး ကျောင်းတွင် ရှိသည့် အဆောင်များ ကောင်းမွန်ခြင်းရှိ/မရှိ၊ ရေ၊ မီး ရရှိခြင်းရှိ/မရှိ၊ အိမ်သာများ အဆင်ပြေခြင်း ရှိ/မရှိ၊ ရောဂါကူးစက်မှုမရှိစေရန် ဆောင်ရွက်ထားမည့်အစီအစဉ်များ၊ ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေများနှင့် လုံခြုံရေး ဆောင်ရွက်သွားမည့် အခြေအနေများကို အသီးသီး ပြောကြားခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်( အရှေ့ပိုင်း)မြို့နယ်တွင် Quarantine Centre အဖြစ် ပြင်ဆင်ဆောင်ရွက်ခဲ့သည့် သူနာပြုနှီးနွယ် သင်တန်းကျောင်းတွင် စက်တင်ဘာလ ၁၅ ရက်၊အထက(၁) ကျောင်းတွင် စက်တင်ဘာ(၂၁)ရက်နေ့ နံနက်ပိုင်းကစတင်၍ ကိုဗစ်-၁၉ ရောဂါပိုးရှိသူများနှင့် ဆက်စပ်သူများ၊ သံသယရှိသူများ ထားရှိမှုမှာ သတ်မှတ်လူဉီးရေ ပြည့်မီပြီဖြစ်၍ အခြေခံပညာ ကျောင်းများဖြစ်သည့် အ.ထ.က(ခွဲ)လ(၄) ကျောင်းတွင် ထားရှိနိုင်ရန် ကြိုတင်ပြင်ဆင်မှုများကို မြိုနယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
လှလှထွေး (ပြန်/ဆက်)