ဆဒုံး ဇန်နဝါရီ ၁၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့တွင် ချစ်နိုင်(စိတ်ပညာ)ရေးသားထားသော “အောင်မြင်ဖို့အချိန်” စာအုပ်ဖြင့် စာပေချစ်မြတ်နိုးသူ၊ စာပေဝါသနာရှင်များ၊ ကျောင်းသား၊ ကျောင်းသူများစုစည်း၍ စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပခဲ့သည်၊၊
အဆိုပါစာဖတ်ဝိုင်းတွင် မြို့ဦးစီးမှူးဒေါ်ခင်မာဝင်းက စာပေဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာဗဟုသုတ ကြွယ်ဝနိုင်ကြောင်းနှင့် မိမိသိရှိထားသည့် အသိပညာဗဟုသုတများကို မှန်ကန်သော အတွေးအခေါ်များနှင့် ပေါင်းစပ်၍ မိမိတို့၏ ပတ်ဝန်းကျင်အသိုင်းအဝိုင်းတွင် ပြန်လည်မျှဝေအသုံးပြုခြင်းဖြင့် လူမှုအသိုင်းအဝိုင်းတစ်ခု တည်ဆောက်နိုင်မှာဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်၊၊ ဆက်လက်၍ Book Club အဖွဲ့ဝင် ဆရာဦးလှမျိုးဇော်မှ "အောင်မြင်ဖို့အချိန်" ခေါင်းစဥ်ဖြင့် ဦးဆောင်ဆွေးနွေးပြီး၊ မလီနီဘီမီးက "စိတ်ဥယျာဥ်" ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မောင်ဆွတ်ရိန်အောင်က" သူတို့ဘာကြောင့်အောင်မြင်" ခေါင်းစဥ်ဖြင့်လည်း ကောင်း စာအုပ်ပါခေါင်းစဥ်များအလိုက် မိမိတို့ဖတ်ရှုနားလည်မှုများကို အပြန်အလှန်ဆွေးနွေးကြရာ မြို့ဦးစီးမှူးဒေါ်ခင်မာဝင်းက ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်၊၊
ဆဒုံးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ စာဖတ်ဝိုင်းများ ပြုလုပ်ပေးခြင်းအပြင် ပြည်သူ့စာကြည့်တိုက်ရှိ သုတ/ရသစာအုပ်စာစောင်မျိုးစုံတို့ကို စာပေချစ်မြတ်နိုးသူ၊ စာဖတ်ပရိသတ်များအား အခမဲ့ဌားရမ်းဖတ်ရှုနိုင်ရန် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်၊၊
ခင်မာဝင်း (ဆဒုံး)