နောင်မွန်း ဇန်နဝါရီ ၁၁
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် မြို့နယ်အတွင်းရှိ ကျောင်းသားကျောင်းသူများ ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရေးနှင့် ဗလငါးတန်းဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မြို့နယ်အဆင့်ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီတွင် မြို့နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပသည်။
အဆိုပါ အားကစားပြိုင်ပွဲတွင် အထက်တန်းနှင့်အလယ်အဆင့် ကျား/မ မီတာ (၁၀၀) ၊ မီတာ (၂၀၀) ၊ မီတာ (၄၀၀) အပြေးပြိုင်ပွဲများနှင့် အလျားခုန်၊ အမြင့်ခုန်၊ သံပြားပစ်၊ သံလုံးပစ်၊ လှံတံပစ်ပြိုင်ပွဲများ၊ မူလတန်းအဆင့် ကျား/မ မီတာ (၅၀) ၊ မီတာ (၇၅) အပြေးပြိုင်ပွဲများနှင့် မုန့်စား၊ အာလူးကောက်၊ ရေပုလင်းဖြည့်၊ ပူဖောင်းဖောက်၊ အိတ်စွပ်ပြေး၊ ခြေပူးပြေး၊ အပ်နှဖားထိုးစသည့် ပြိုင်ပွဲများကိုထည့်သွင်းကျင်းခဲ့ပြီး ဆုရကျောင်းသားကျောင်းသူများကို မြို့နယ်ပညာရေးမှူးဆရာမကြီးဒေါ်ထုလွမ်နှင့် တာဝန်ရှိသူများက ဆုငွေများ အသီးသီးချီးမြှင့်ခဲ့ကြသည်။
ယင်းပြိုင်ပွဲ၌ မြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်း၊ အလယ်တန်း (ခွဲ) မူလွန်၊ အ.မ.က ကျောင်းပေါင်း (၂၀) မှကျောင်းသားကျောင်းသူဦးရေ (၂၅၀) ခန့်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကာ ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူ (၉၀၀) ဦးခန့်တက်ရောက်ပါဝင်ဆင်နွဲခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)