မဘိမ်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် သီးခြားစောင့်ကြည့်မှုများ ဆောင်ရွက်နိုင်ရေး Quarantine Centre ကြိုတင်ပြင်ဆင်မှုဆောင်ရွက်

မဘိမ်း     စက်တင်ဘာ    ၂၄             

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် စောင့်ကြည့်ရမည့်သူများအား သီးခြားစောင့်ကြည့်မှုများ ဆောင်ရွက် နိုင်ရေးအတွက် Quarantine Centre ကို မဘိမ်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှု ဖြင့် ယမန်နေ့ ညနေ ၄ နာရီအချိန်ခန့်က ကြိုတင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်၏ ဦးဆောင်မှုဖြင့်  မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီအသင်းအဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင် များ၊ စေတနာ့ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ စာသင်ခန်းများအတွင်း နေရာ ထိုင်ခင်းများ ပြင်ဆင်ဆောင်ရွက်ခြင်း၊ သန့်ရှင်းရေးများဆောင်ရွက်ခြင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ကြပါသည်။

အဆိုပါ Quarantine Centre ကို စာသင်ခန်း ၄ ခန်း အသုံးပြုပြင်ဆင်ထားပြီး တစ်ခန်းလျှင် ၅ ဦးနှုန်းဖြင့် လူဦးရေ(၂၀)ဦးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

မျိုးမင်း (ပြန်/ဆက်)