ဆိပ်ကြီးခနောင်တိုမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ အစည်းအဝေးပြုလုပ်

ဆိပ်ကြီးခနောင်တို စက်တင်ဘာ ၂၄

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီ အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေး ကော်မတီ‌ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်သိန်းက ပြောကြားရာတွင်  Quarantine ဝင်မည့်သူများအတွက် အထက်တန်းကျောင်းအား ထပ်မံပြင်ဆင်ထားပြီးဖြစ်ကြောင်း၊ ထ(ခွဲ)ကျောင်း Quarantine ကွပ်ကဲရေးအား မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ယူလျက်ရှိပြီး၊ အထကကျောင်းအား ပညာရေးဌာနနှင့် စည်ပင်မှ တာဝန်ယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ Quarantine Centre တွင် အသွားအလာကန့်သတ်စောင့်ကြည်ခံရသူများကို ယခင်က နှာခေါင်း တို့ပတ်နှင့် အာခေါင်တို့ပတ် တစ်ကြိမ်သာယူပြီး ယခုနှစ်ကြိမ်ယူ စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ မြို့နယ်အတွင်း ဆေးဆိုင်များသာ ဖွင့်ခွင့်ပြုမည်ဖြစ်ပြီး ကွမ်းယာဆိုင်မှအစ အခြားဆိုင်များအားလုံး ပိတ်ရမည်ဖြစ်ကြောင်း၊ အဆောင်ငှား နေထိုင်သူများအနေဖြင့် ရပ်ကွက်ထဲပြန်လာပါက နီးစပ်ရာ ကျောင်းများမှာသာ နေထိုင်ခွင့်ပြမည် ဖြစ်ကြောင်း ပြောကြား သည်။

ထို့နောက် တက်ရောက်လာသည့် ကော်မတီဝင် ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့နယ်အတွင်း လက်ရှိ ဆောင်ရွက်လျက် ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များအား ဆွေးနွေးပြောကြားခဲ့သည်။

အစည်းအဝေးသို့ မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကြက်ခြေနီ အသင်းမှ တာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်း ပရဟိတအဖွဲ့ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။

ဝေယံ(ဆိပ်ကြီးခနောင်တို)