ပူတာအို ဇန်နဝါရီ ၁၀
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်တွင် ပြည့်စုံမှန်ကန်သည့် လူဦးရေစာရင်းရရှိနိုင်ရန်အတွက် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းလူဦးရေ စာရင်းတိုက်ဆိုင်စစ်ဆေးခြင်းနှင့် လူဦးရေစာရင်းကောက်ယူခြင်း လုပ်ငန်းကို ဇန်နဝါရီ (၉) ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ ယနေ့ ဇန်နဝါရီ (၁၀) ရက်တွင် ပူတာအိုခရိုင် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် မချမ်းဘော့မြို့နယ် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူ ရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပူတာအိုခရိုင် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ တွဲဖက်အတွင်းရေးမှူး ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းထွေး၊ အတွင်းရေးမှူးခရိုင် လဝကဦးစီးမှူး ဦးဗိုလ်မြင့်၊ မြို့နယ်မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဝင်း၊ အတွင်းရေးမှူး ဦးမြင့်မြတ်သူနှင့် တွဲဖက်အတွင်းရေးမှူး ဦးတူးဂျာတို့က မချမ်းဘော့မြို့ပေါ်ရပ်ကွက် (၂) (၃) နှင့် နမ်ခမ်းကျေးရွာ၊ ဆင်လွမ်ဒမ်းကျေးရွာတို့တွင် ပူးပေါင်းအဖွဲ့ဝင်များက အမှန်တကယ်မြေပြင်ရှိ အိမ်ထောင်စုလူဦးရေစာရင်း (၆၆/၆) ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် EID တွင် ထည့်သွင်းထားသည့် အချက်အလက်များ မှန်ကန်မှုရှိမရှိ တိုက်ဆိုင်စစ်ဆေး စာရင်းကောက်ယူနေမှုကို ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မချမ်းဘော့မြို့နယ်အတွင်း ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ ဆယ်အိမ်မှူးများ၊ ရာအိမ်မှူးများ၊ ပညာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့များက မြို့ပေါ်လေးရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၁) အုပ်စုတို့တွင် စာရင်းကောက်ယူရေးအဖွဲ့ (၁၅) ဖွဲ့ဖြင့် ဇန်နဝါရီ (၉) ရက်နေ့မှ (၃၁) ရက်နေ့အထိ (၂၃) ရက်ကြာ တစ်အိမ်တက်ဆင်း တိုက်ဆိုင်စစ်ဆေး စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ဖုန်ကန် (ပူတာအို)