ပင်းတယ စက်တင်ဘာ ၂၄
လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကူးစက်မှုမရှိစေရေး အတွက် ရှမ်းပြည်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ အဝင်/အထွက် စစ်ဆေးရေးဂိတ်များတွင် မဖြစ်မနေ ခရီးသွားလာနေရသည့် ပြည်သူများအား နေ့စဉ်ကျန်းမာရေးစစ် ဆေးပေးခြင်း၊ ကိုယ်ပူချိန်တိုင်းခြင်းနှင့် ကျန်းမာရေးအသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းတို့ကို နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပင်းတယမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီမှ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများတို့က မြို့အဝင်/အထွက်ဂိတ်များ၌ မော်တော်ယာဉ်များ၊ ဆိုင်ကယ်မောင်း နှင်သူများတို့က ရပ်တန့်စေ၍ လက်ဆေးခြင်း၊ ကိုယ်ပူချိန်တိုင်းခြင်း၊ နှာခေါင်းစည်း များမတပ် ဆင်ပါက အခမဲ့ဝေငှပေး၍ ကျန်းမာရေးအသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိ သည်။
ပင်းတယမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးရေးဂိတ် နှစ်ခု ထားရှိရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးထိန်းချုပ်ရေး ကော်မတီမှ တာဝန်ရှိသူများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ကြက်ခြေနီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ များမှ တာဝန်ရှိသူများဖြင့် စစ်ဆေးရေး ဂိတ်တစ်ခုလျှင်တာဝန်ကျ ဝန်ထမ်း (၉)ဦးနှုန်းဖြင့် နေ့စဉ်ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများကို အရှိန်ဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
ခင်မျိုးနွယ်(ပင်းတယ)