လှည်းကူး စက်တင်ဘာ ၂၄
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုအား ကာကွယ်ထိန်းချုပ်သွားနိုင်ရန် လှည်းကူးမြို့နယ်အတွင်း ဈေး၊ စက်ရုံ၊ အလုပ်ရုံများအား ယာယီပိတ်သိမ်းသွားရန်နှင့် Stay at Home နေထိုင်သွားစေရန် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၁၁)နာရီခွဲက ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ (Stay at Home) သတ်မှတ်ထားသော မြို့နယ်(၂၁)မြို့နယ်မှ (၄၄) မြို့နယ်(ကိုကိုးကျွန်းမြို့နယ်မပါ)တွင် နေထိုင်သူများအနေဖြင့် မိမိနေအိမ်တွင်သာ နေထိုင်သွားရန် မဖြစ်မနေ ဈေးဝယ်ရန်အတွက် တစ်အိမ်လျှင်(၁)ဦးသာ သွားရောက်စေရန်၊ ဆေးရုံ၊ဆေးခန်း သွားရောက်ရန်ရှိပါက တစ်အိမ်လျှင်(၂)ဦးသာ သွားရောက်စေရန်၊ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာပါက နှာခေါင်းစည်း(Mask) တပ်ဆင်စေရန်၊ တာဝန်ထမ်းဆောင်ရန် ပို့ဆောင်မည့် ယာဉ်များနှင့် ဖြတ်သန်းခွင့်ပြုထားသော ယာဉ်များကိုသာ ရပ်ကွက်ကျော်လွန်သွားလာခွင့်ပြုစေရန်၊ ဈေးဝယ်ရာ၌ ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင်တစ်ဦး၊ ဆေးရုံ ဆေးခန်းသွားရောက်ရာ၌ ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင်နှစ်ဦးသာ သွားရောက်စေရန် ကျန်းမားရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ကြရမည်ဖြစ် ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးအောင်က "ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်းမြင့်မားလာ၍ နိုင်ငံ့ဝန်ထမ်းများအား (၂)ပတ်ရုံးတက်(၂)ပတ်အိမ်မှနေ၍ ရုံးလုပ်ငန်းများဆောင်ရွက်ကြစေရန်၊ ဘဏ်နှင့်ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊ စက်သုံးဆီအရောင်းဆိုင်များ၊ စားသောက်ကုန်နှင့် သားငါး အအေးခန်းလုပ်ငန်းများ၊ ဆေးဝါး/ဆေးပစ္စည်းကိရိယာ ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းများ၊ ရေသန့် ထုတ်လုပ် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများ၊ နေ့စဉ်တစ်ကိုယ်ရည်သုံး ပစ္စည်းထုတ်လုပ်သည့် စက်ရုံများတွင် တာဝန်ထမ်းဆောင်နေသူများမှလွဲ၍ ကျန်အဖွဲ့အစည်းများ၊ ကုမ္ပဏီများအနေဖြင့် မိမိနေအိမ်တွင်သာ နေထိုင်၍ လုပ်ငန်းများ ဆောင်ရွက်သွားကြရန်နှင့် ကုန်ကြမ်းယူ၊ ကုန်ချောပေးဆောင်ရွက်နေသော လခစားလုပ်ငန်း စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်သူများအား စက်တင်ဘာလ(၂၄)ရက်နေ့မှ အောက်တိုဘာ (၇)ရက်နေ့ထိ လုပ်ငန်းခွင်သို့ သွားရောက်ခြင်းမပြုဘဲ Stay at Home အဖြစ်နေထိုင်စေပြီး မိမိတို့ ရပ်ကွက်/ ကျေးရွာအုပ်စုများမှ Primary Contact အပြင် Secondary Contact များကိုရှာဖွေခြင်းဖြင့် ရောဂါကူးစက် ပြန့်နှံ့နေမှုကို ထိန်းချုပ်သွားနိုင်မှာ ဖြစ်ပါတယ်"ဟု ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်း ဆွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီမှ လှည်းကူးမြို့နယ် အတွင်းရှိ Quarantine Center များအတွက် တစ်ခါသုံး PPE ဝတ်စုံ(၅၀)ထည်နှင့် ခေါက်ဆွဲခြောက် (၄၀)ထုပ်ပါ (၃)ပုံးတို့ကို ပြန်လည်ဖြန့်ဝေခဲ့ကြောင်း သိရသည်။
နိုင်လင်း(လှည်းကူး)