နောင်ချို ဇန်နဝါရီ ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း Book Club နှင့် Women Club အသင်းတို့ ပူးပေါင်း၍ စာရေးဆရာမောင်မြင့်ကြွယ် ဘာသာပြန်ရေးသားထားသော “အကြွင်းမဲ့ခေါင်းဆောင်မှု သဘောတရား စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွှဲ ၂ နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်ရာ စာပေချစ်မြတ်နိုးသူများ Book Club အသင်း ဥက္ကဋ္ဌ ဦးပေါင်ခန့်လန်၊ အဖွဲ့ဝင်ဦးတင်အောင်သိန်းနှင့် ဦးမြို့ကျော် Women Club အဖွဲ့ဝင် ဒေါ်ရွှေဇင်ဦးတို့က စာရေးဆရာ မောင်မြင့်ကြွယ် ဘာသာပြန်ရေးသားထားသော အကြွင်းမဲ့ခေါင်းဆောင်မှုသဘောတရား စာအုပ်ပါအကြောင်း အရာများအနက်မှ မိမိတို့ကြိုက်နှစ်သက်ရာ ခေါင်းစဉ်တစ်ခုခြင်းအလိုက် အသီးသီးဆွေးနွေးကြရာ တက်ရောက်လာကြသော စာပေချစ်သူများက ၎င်းတို့ ဖတ်ရှုထားသည့် အကြောင်းအရာများ၊ ထင်မြင်ယူဆချက်များကို မိမိတို့ဘဝနှင့်ယှဉ်၍ ရရှိထားသော အသိပညာဗဟုသုတများဖြင့် ပေါင်းစပ်၍ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဖွဲ့စည်းထားသော (Club) အဖွဲ့များဖြင့်လည်းကောင်း၊ စာပေဝါသနာရှင်များဖြင့်လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Commmunity Centre) ၌ လစဉ်ပြုလုပ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ထွေးငယ်(နောင်ချို၊ပြန်/ဆက်)