သန်လျင်၌ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

သန်လျင် စက်တင်ဘာ ၂၄

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ သန်လျင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သန်လျင်မြို့နယ်အတွင်းရှိ ကျေးရွာများ၌ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးရေး အကောင်အထည်ဖော်ဆောင်ရွက်သည့် စီမံကိန်းလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးခဲ့ကြောင်း ယနေ့ နံနက် ၁၀ နာရီက သန်လျင်မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် သန်လျင်မြို့ ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးအတွက် ပြည်ထောင်စုဘတ်ချက်ဖြင့် ရေပေးဝေရေးလုပ်ငန်း (၆)ခု၊ တိုင်းဒေသကြီး ဘတ်ဂျတ်ဖြင့် ရေပေးဝေရေးလုပ်ငန်း (၁၂)ခု၊ နိုင်ငံတော်ထောက်ပံ့ငွေဖြင့်ဆောင်ရွက်သော ရေပေးဝေရေးလုပ်ငန်း (၁)ခု၊ တိုင်းဒေသကြီး ဖြည့်စွက်ရန်ပုံငွေဖြင့် ဆောင်ရွက်သော ကျေးလက် ရေပေးဝေရေးလုပ်ငန်း (၁)ခု၊ ကျေးလက်နေပြည်သူများ၏ ထုတ်ကုန်နှင့် ထွက်ကုန်များအတွက် ကုန်ထုတ်ဂဝံလမ်း (၁) လမ်း၊ ကျေးလက်လူမှု စီးပွားဖွံ့ဖြိုးတိုးတက်ရေး အတွက် မြစိမ်းရောင်ကျေးရွာ (၂) ရွာတွင် အရင်းမပျောက်လည်ပတ် ရန်ပုံငွေထုတ်ချေးပေးခြင်း၊ မြစိမ်းရောင် စီမံကိန်းအတိုးရငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း (၉)ခု၊ ကျေးရွာသူ ကျေးရွာသားများ ကိုယ်တိုင် ကျေးရွာဖွံ့ဖြိုးရေး အစီအစဉ်ရေးဆွဲခြင်း (VDP) စီမံကိန်းကျေးရွာ (၁၅) ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ ကိုဗစ်- ၁၉ ကူးစက်ရောဂါ အကျိုးဆက် သက်ရောက်ခြင်းခံရသော ကျေးလက်ဒေသနေပြည်သူများ ဝင်ငွေရရှိစေရန်နှင့် အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးစေရန်အတွက် (CFW) စီမံကိန်းကျေးရွာ (၄) ရွာနှင့် နိုင်ငံတော်၏ ကိုဗစ်- ၁၉ စီးပွားရေးကုစားမှုအစီအစဉ်ကို အထောက်အကူပြုစေရန် ရည်ရွယ်၍ လုပ်ကွက်ငယ် တောင်သူများ စိုက်ပျိုးမွေးမြူထုတ်လုပ်သူများနှင့် အသေးစားစီးပွားရေးလုပ်ငန်း လုပ်ကိုင်သူ များ လိုအပ်သောငွေကြေး အရင်းအနှီးများရရှိစေရန် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း (VRFP) Type-1 သိန်း ၃၀၀ (၁) ရွာ၊ Type-2 သိန်း၂၀၀ (၁)ရွာတို့တွင် ဆောင်ရွက်ခဲ့ရာ  လုပ်ငန်းအားလုံး ရာနှုန်းပြည့်ပြီးစီးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးလက်ဒေသဖွံ့ဖြိုးရေး အကောင်အထည်ဖော်ဆောင်ရွက်သည့် စီမံကိန်း လုပ်ငန်း များအား ကိုဗစ်- ၁၉ ကျန်းမာရေးစည်းကမ်းချက်များနှင့် အညီဆောင်ရွက်ခဲ့ကြောင်း သန်လျင် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
သက်ခိုင် (သန်လျင်)